နေပြည်တော် ၂၁ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကိုရီးယား-မြန်မာ လွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Kim Jaewon အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ- ကိုရီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်များ၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအထောက်အကူပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးဇော်သိန်း၊ ဦးခင်အေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


