ပဲခူး  ၂၂   ဖေဖော်ဝါရီ 


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည် လက်ခံသော ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒ တစ်ထပ်တည်းကျရန် စံ(၅)ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် စံ(၅)ချက်ပြည့်စုံသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များနှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် လုပ်ငန်းလမ်းညွှန်များကို ကြေညက်စွာ နားလည်ရန် လို အပ်ကြောင်း။


သို့မှသာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေ နှင့်အညီ ကြီးကြပ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အငြင်းပွားမှုများ နည်းပါးမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် တာဝန်ခံဆောင်ရွက်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များကလည်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို သိရှိနားလည်ပြီး အမှားအယွင်းမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် ပါဝင်သည့် ပုဂ္ဂိုလ်များ အနေဖြင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးလှုံ့ဆော်ရေး ကာလတွင် ကြုံတွေ့ရသည့် ပြဿနာများကို တရားမျှတစွာ ဘက်လိုက်မှုမရှိဘဲ ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် သင်ကြားနေရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြ ရန်၊ လုပ်ငန်းစီမံချက်များရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်း အပြည့်ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။ 


သတင်းစဉ်၊ ဓာတ်ပုံ - ဟိန်းထက်(ပဲခူး)