နေပြည်တော် ဒီဇင်ဘာ ၁၃
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများနှင့်အတူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်လာပါ ကြောင်း၊ ယခုထက် ပိုမိုတိုးတက်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြေနေရာ၊ လမ်းပန်းဆက်သွယ်ရေး အနေအထား အရလည်းကောင်း၊ လုံခြုံရေး အနေအထားအရလည်းကောင်း ခက်ခဲသောဒေသများ အတွက် လွှမ်းခြုံမှုအားနည်းနေသော်လည်း ဒေသရှိ ဌာနဆိုင်ရာအသီးသီးနှင့် ညှိနှိုင်း၍ တိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုအနေဖြင့် ယခုအခါ (၁)ရာခိုင်နှုန်း အောက် ဖြစ်သော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိမှု နှုန်း (၄ရာခိုင်နှုန်း) ပတ်ဝန်းကျင် တွေ့ရှိနေရသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်ကြရန်ဖြစ်ကြောင်း။
ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများ အနေဖြင့် ဆေးကုသမှုအရည်အသွေး ကောင်းမွန်အောင်၊ လူနာများ၊ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများက စောင့်ကြပ်ကြည့်ရှု၍ ကြီးကြပ်ပေးကြရန် ဖြစ်ကြောင်း၊ မကူးစက်နိုင်သောရောဂါများအတွက် ဆေးဝါးများ ဖြန့်ဖြူးထားရှိရာ မကူးစက်နိုင်သော ရောဂါကုသဆေးခန်းများ အားဖြည့် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှုနှုန်း၊ ၅ နှစ်အောက် ကလေးနှင့် မွေးကင်းစကလေး သေဆုံးမှုနှုန်းများအနေဖြင့် ကျဆင်းလာသော်လည်း သတ်မှတ်စံနှုန်း ပြည့်မီ စေရေးအတွက် မိခင်၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း မလစ်ဟင်းရ အောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း။
ပြည်သူများ၏ ယုံကြည်အားကိုးမှု ရရှိစေရေးအတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် ကုသမှု အရည်အသွေး ကောင်းမွန်စေရန်၊ ဆက်ဆံရေးကောင်းမွန်စေရန်၊ ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရန် တို့ကိုလည်း အလေးထားဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေ သကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာန မှူးများ အနေဖြင့် မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ကြိုတင်ကြံဆကာ ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များကို ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


