နေပြည်တော် အောက်တိုဘာ ၁၈

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွား မည်ဖြစ်ရာ အပိုင်း(၁) ပြုလုပ်မည့်နေ့ရက်နှင့် မြို့နယ်များကို ကြေညာပြီးဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံး ဝင်ရောက် ယှဉ်ပြိုင်စေလိုသော်လည်း ဥပဒေနှင့်ညီညွတ်မှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများအနေ ဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် ပိုမိုလွယ်ကူစေရန်အတွက် သတ်မှတ်ကာလအတွင်း တင်ပြ ရမည့် ပါတီဝင်အင်အား၊ ဖွင့်လှစ်ရမည့် ပါတီရုံးခန်းအရေအတွက်များကို ပြင်ဆင်ဖြေလျှော့ပေးခဲ့ သော်လည်း မတင်သွင်းနိုင်သည့် ပါတီ ၄ ပါတီကို ဖျက်သိမ်းခဲ့ရပါကြောင်း။

 

လွှတ်တော် ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ရက်တိုးမြှင့် သတ်မှတ်ပေးနိုင်ရေး နိုင်ငံရေးပါတီများမှ တောင်းဆိုခြင်းများရှိခဲ့ပါကြောင်း၊ ကိုယ်စားလှယ်လောင်း တင်သွင်းရမည့် နောက်ဆုံးနေ့ရက်နှင့် ကိုယ်စား လှယ်လောင်း အရေအတွက်ကို လည်း ပြင်ဆင်သတ်မှတ်ပေးခဲ့ပါ ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် PR မဲဆန္ဒနယ်များအတွက် ဦးစားပေး အစီအစဉ်အတိုင်း ဖော်ပြထားသည့် ကိုယ်စား လှယ်လောင်း အမည်စာရင်းကို နိုဝင်ဘာ ၃၀ ရက် မတိုင်မီကော်မရှင်သို့ ပေးပို့နိုင်ရေး အကြောင်းကြားပြီးဖြစ်၍ ထပ်မံအသိပေးပြောကြား လိုကြောင်း။

 

ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းပြုစုရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ရရှိသည့်စာရင်းအပေါ် တွင် အခြေခံ၍ Software များ အသုံးပြုတိုက်ဆိုင်စစ်ဆေး ပြုစု ခြင်းဖြစ်ပါကြောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကြေညာချက်များ၊ နှိုးဆော်ချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက် ထားပါကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးနိုင်ရေးအတွက် ရောက်ရှိနေရာတွင် မဲပေးနိုင်ရေးနှင့် မူလနေရပ်သို့ ကြိုတင်မဲပေးနိုင်ရေး နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ၅၆ မြို့နယ်ရှိ မဲဆန္ဒရှင်များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်းမပြုမီ စိစစ်နိုင်ရေး နိုင်ငံရေးပါတီများသို့ ဖိတ်ကြား သွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ၏ အသက်သည် မဲစာရင်းဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

 

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ပြီး ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် အပိုင်း တစ်ပိုင်းတည်းအတွက် မဟုတ်ဘဲ ရွေးကောက်ပွဲအပိုင်းအားလုံးအတွက် ယင်းကာလအတွင်း မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က၊ နည်းဥပဒေ အခန်း(၁၀)ပါ သတ်မှတ်ချက်များ၊ ရွေးကောက်ပွဲ ဥပဒေအခန်း(၁၃)ပါ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခန်း(၁၄)တွင်ပါသည့် တရားမဲ့ ပြုကျင့်မှုများကို အထူးသတိပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါတီဝင်များ၊ ပါတီထောက်ခံသူများကိုလည်း သိရှိအောင် အသိပေးထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သတ်မှတ် ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူခံရမည်ဖြစ်ပါ ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့် ငြိစွန်းခြင်း မရှိစေရေးကိုလည်း သတိပြုစေလိုပါကြောင်း။

 

လွှတ်တော် (၃)ရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေကျပ် သိန်းတစ်ရာ့ ငါးဆယ်၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ငွေကျပ် သိန်းသုံးရာအထိ သုံးစွဲခွင့်ရှိပါကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်များကို စနစ်တကျမှန်ကန်စွာ စာရင်းပြုစုရေးသွင်းထားပြီး သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၌ တင်သွင်းရ မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့်ရက်အတွင်း မတင်သွင်းပါက ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးပြီး အရည်အချင်း ပျက်ယွင်းသူအဖြစ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါ၍ ရွေးကောက်ပွဲကုန်ကျစရိတ်များကို အချိန်မီတင်သွင်းကြရန် မှာကြားလိုကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်မရပါကြောင်း၊ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှသာ လွတ်လပ်၍တရားမျှတပြီး အောင်မြင်သောရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်