နေပြည်တော် နိုဝင်ဘာ ၄

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မသိုး ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းသည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာ သာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြ သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များမှ တာဝန် ရှိပုဂ္ဂိုလ်များက မသိုးရွှေကြာ သင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့် နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ ပင့်ဆောင်နေချိန်၌ ဝတ်အသင်း အဖွဲ့များက ဘုရားဂုဏ်တော် ကိုးပါး ပါဠိကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် မသိုးရွှေကြာ သင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍ စုစည်းခြင်းများကို ဆောင်ရွက်ကြပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူ ပူဇော်ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်း အဖွဲ့ ၁၅ ဖွဲ့မှ ရက်လုပ်စပ်ချုပ် သီလွှမ်းထားသည့် မသိုးရွှေကြာ သင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ဆက်ကပ်ပူဇော်သည်။

ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဦးဆောင်သော ဘုရား ဒါယကာ၊ ဒါယိကာမများက ဘုရား ဂုဏ်တော်၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိ၊ ပရိတ်၊ မေတ္တာပို့လင်္ကာများကို ရွတ်ဆိုပွားများ ပူဇော်ကြသည်။

ယင်းနောက် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များနှင့် သုံးဆယ့် တစ်ဘုံသားတို့အား မေတ္တာပို့၍ ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်း ရက်လုပ် ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါ သမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့ အရုဏ်မတက်မီအချိန် အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်း ဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ် ဆက်ကပ် လှူဒါန်းခြင်းများကို နှစ်စဉ် နိုင်ငံအဝှမ်း အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက် စွာကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဦးဆောင်သော ခုနစ်ရက်သားသမီးများက မသိုးရွှေကြာ သင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်