မြစ်ကြီးနား အောက်တိုဘာ ၃၀

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း ဦးပိုင်အမှတ် ၃၅ / ၂င ၊ ၃၅ /၂စ ရှိ ကချင်ပြည်နယ် တရားလွှတ်တော် အဆောက်အအုံသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အဆောက်အအုံ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းပေးပြီး အဆောက်အအုံ ဆောက်လုပ်မည့် ပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

 

 အဆိုပါ အဆောက်အအုံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၂၃ -၂၀၂၇ ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၅)၏ မဟာဗျူဟာ လုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆောက် အအုံမှာ အလျား ၂၀၆ ပေ၊ အနံ ၁၃၅ ပေရှိ သံကူကွန်ကရစ် လေးထပ်အဆောက်အအုံဖြစ်ကာ G3 Group Limited က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)