နေပြည်တော် ၁၆  မတ် 


ဆည်တမံကြီးများ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ပွင့်လင်းရာသီတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးကဏ္ဍများအလိုက် ရေးဆွဲဆောင်ရွက်ရန်နှင့် ဆည်တမံများအနေဖြင့် စိုက်ပျိုးရေရရှိရေး၊ ဒေသစိမ်းလန်းစိုပြည်ရေး အကျိုးပြုခြင်းများအပြင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းများအတွက်ပါ အကျိုးပြုနေလျက်ရှိရာ ဆည်တမံကြီးများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး အထူးဂရုပြုဆောင်ရွက်ရန် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအား ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ 


ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရှင်းလင်းပြသသည်။


ပေါင်းလောင်းရေလှောင်တမံသည် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာအနီး ပေါင်းလောင်းမြစ်ပေါ်ရှိ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ တမံအလျား ပေ ၃၁၀ဝ ၊ တမံအမြင့် ပေ ၄၃၀ ရှိပြီး  နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၃၂၇၅၇၆၀ ဧကပေရှိသည်။ ရေအားလျှပ်စစ် တပ်ဆင်ဓါတ်အား ၇၀ မဂ္ဂါဝပ် ၄ လုံး အား လည်ပတ် မောင်းနှင်ပေးလျက်ရှိပြီး ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအနီး ရေလွှဲဆည် မှတဆင့် စိုက်ပျိုးမြေဧက ၃၅၀ဝ၀ ကို အကျိုးပြုလျက်ရှိသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စေတနာမျှဝေခြင်း အစီအစဉ်အရ ဒဂုံတက္ကသိုလ် ရူပဗေဒဌာနပါမောက္ခဌာနမှူး ဒေါက်တာမေမြင့်စီနှင့် အလှူရှင်များက ၄ လက်မ စက်ရေတွင်း၊ ရေတင်စက်နှင့် သောက်ရေကန် လှူဒါန်းခြင်း အခမ်းအနားသို့ ရောက်ရှိကြပြီး ဝမ်းမြောက် ဂုဏ်ပြုစကား ပြောကြားသည်။ 


အခမ်းအနားတွင် အလှူရှင် ဒဂုံတက္ကသိုလ် ရူပဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာမေမြင့်စီနှင့် အလှူရှင်များက စက်ရေတွင်း ရေတင်စက်နှင့် သောက်ရေကန်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအား ပေးအပ်ရာ ကျေးရွာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။


သောက်သုံးရေရရှိရေးအပါအဝင် လတ်တလော အခက်အခဲရှိနေသည့် ကျေးရွာများ၏ လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီး၏ စေတနာမျှဝေခြင်း အစီအစဉ်အရ စေတနာရှင်အလှူရှင်များ၏ ပူးပေါင်းမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့လှူဒါန်းမှုဖြင့် နေပြည်တော် တပ်ကုန်းမြို့နယ် ပိတောက်ကုန်းကျေးရွာရှိ လူဦးရေ ၁၂၂၀ အတွက် သန့်ရှင်းသော သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)