နေပြည်တော် ၁၁ မတ်

ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းရေလှောင်တမံ ကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင် ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရေလှောင်တမံဆိုင်ရာအချက်အလက်များနှင့် ဝင်ရေထွက်ရေအခြေအနေများ၊ ပြီးခဲ့သည့် မိုးရာသီကာလတွင် ရေပိုလွှဲမှရေကျော်ခဲ့သည့်အခြေအနေနှင့် အကူရေပိုလွှဲတည်ဆောက်မည့် နေရာရွေးချယ်ထားမှု၊ လက်ရှိ စိုက်ပျိုးရေပေးဝေနေမှုနှင့် ဘဏ္ဍာနှစ်အလိုက်ရေသောက်စနစ်များ ဆက်လက်တည်ဆောက်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် စိုက်ပျိုးရေရရှိရေးကိုဖြည့်ဆည်းပေးလျက်ရှိသော ဆည်တမံကြီးများရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ငလျင်ကြီးများအပါအဝင် မမျှော်မှန်းနိုင်သောသဘာဝဘေးများ ကြုံတွေ့လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကြိုတင်လေ့လာသုံးသပ်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် သက်ဆိုင်ရာပညာရှင်များ၏ သုံးသပ်အကြံပြုချက်များဖြင့် ပေါင်းစပ်ပြီးစနစ်တကျ စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တမံကြီးများ၏ မူလမျှော်မှန်းဆည်ရေသောက် ဧရိယာပြည့် စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် လိုအပ်သော ရေသောက်စနစ်တည်ဆောက်မှုများကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရံပုံငွေအပေါ် အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော် ကြိုးပမ်းကြရန် မှာကြားသည်။

 

mdn

 

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ရှိဖြူးချောင်းရေလှောင်တမံသည် တမံအလျား ပေ ၁၀၂၀၊ တမံ အမြင့် ၂၄၅ ပေရှိဇုန်အမျိုးအစားကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ဧက ၆၃၂၅၃၀ ရှိ၍  ရေအားလျှပ်စစ် ၂၀ မဂ္ဂါဝပ် ၂ လုံးလည်ပတ်ပေးခြင်းနှင့် အတူဒေသ စိုက်ပျိုးရေရရှိရေး အကျိုးပြုလျက်ရှိသည်။

ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ မှ စတင်၍ ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိ ၁၈ ဒသမ ၆၂ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးဧက ၄၈၀ဝ ကိုစိုက်ပျိုးရေပေးဝေလျက်ရှိပြီး ရာနှုန်းပြည့်ပြီးစီးပါက စိုက်ပျိုး မြေဧက ၉၀ဝ၀ဝ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

(သတင်းစဉ်)

 

mdn