ရန်ကုန် ၁၁ မတ်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၉ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (ဘားအံ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပါမောက္ခချုပ်များကော်မတီ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများနှင့် တက္ကသိုလ်များ၏ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိညာဉ် ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် တက္ကသိုလ်များ၏ သင်ကြားသင်ယူရေး စီမံခန့်ခွဲမှုအားကောင်း လာစေရေး ပေါင်းစပ်သည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကွန်ပျူတာနှင့်နည်းပညာ ပညာရပ်များ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို လိုအပ်လျက်ရှိပါကြောင်း၊ နည်းပညာကျွမ်းကျင်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အင်္ဂလိပ်စာကောင်းမွန်ရန် အဓိက လိုအပ်ပါကြောင်း၊ ပညာသင်ယူရာတွင် အခက်အခဲကြုံတွေ့ရသည့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးလျက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာ ပညာတော်သင်ဆုများနှင့် ပတ်သတ်၍ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုအားပေးလျက် ရှိပါကြောင်း။
ပညာရေးအရည်အသွေး ကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေး ကောင်းမွန်ရန်နှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီ နည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသနကိုယ်တိုင် ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိခြင်းတို့ ဆောင်ရွက်နိုင်မှသာ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း။
ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီးသွားလာရေးနှင့် အကျိုးစီးပွားကို အကျိုးပြုပြီး ဒေသနှင့်လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အရည်အချင်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ မွေးထုတ်ပေးနိုင်ရန်အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက လက်ထောက်နည်းပြရာထူး တိုးမြှင့်ခွင့်ပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်း ထပ်မံခန့်ထားရေး၊ အင်တာနက်လိုင်းများ တပ်ဆင်ပေးရေး၊ သင်ရိုးညွှန်းတမ်းစာအုပ်များ အချိန်မီရရှိရေး၊ ကျောင်းဆောင်များ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် Toilet များပြုပြင်ပေးရေး၊ ကျောင်းခြံစည်းရိုး ကာရံပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နည်းပညာ တက္ကသိုလ် (ဘားအံ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၊ ဘားအံ တက္ကသိုလ်နှင့် ပညာရေးကောလိပ် (ဘားအံ)များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


