နေပြည်တော် ၁၈ ဖေဖေါ်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Yonsei University ၌ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသော ဒုတိယအကြိမ် နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါ အစည်းအဝေး၌ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံ သော သာတူညီမျှကျန်းမာရေး (Universal Health Coverage - UHC) ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ကမ္ဘာလုံးဆိုင်ရာ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေ များမှ ဝိုင်းဝန်းကူညီနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း၍ UHC နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားရေးအတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက် အလက်များစာအုပ်ကို တိုင်းရင်းသားဘာသာစကား ၅၀ ဖြင့် ဘာသာပြန်ဆိုထားပြီး အသုံးပြု သူ အခြေခံကျန်းမာရေးဝန်ထမ်းများ အဆင်ပြေလွယ်ကူရန် Mobile Tablet များအတွင်း ထည့်သွင်းထားရှိ၍ မည်သည့်ကျန်းမာရေး ပြဿနာကိုမဆို အလွယ်တကူကြည့်ရှုနိုင်ပြီး ပြည်သူများအား ကျေးလက်ဒေသအထိ ကျန်းမာရေးအသိပညာ ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာရေး၊ ကျန်းမာရေးစာရင်းဇယားနှင့် သတင်းအချက်အလက်များ တိကျမှန်ကန်မှုရှိရေး၊ UHC နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ရည်မှန်းချက်များ ရရှိရေးအတွက် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပါဝင်ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Health Insurance Review and Assessment Service of the Republic of Korea (HIRA) ဥက္ကဌ Mr. Kim Seung Taik ၊ HIRA International Group မှ Commissioner Mr. John Ryu ၊ Korea Foundation for International Healthcare (KOFIH)၏ ဥက္ကဌ Dr. Choo Moo Jin ၊ Incheon Dental Association ၏ နာယက Dr. Jong-Sung Li တို့နှင့် သီးခြားစီတွေ့ဆုံ၍ ကျန်းမာရေး ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများကို ဆွေးနွေးကြသည်။
အလားတူ Yonsei University Health System ၏ သင်ကြားရေးဆေးရုံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကဆေးရုံကြီးဖြစ်သော Severance Hospital ၌ Yonsei University Health System ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Professor Do-Heum Yong နှင့်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဆင့်မြှင်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ပညာတော်သင်များနှင့် လေ့လာရေးအဖွဲ့များစေလွှတ်ရေး၊ ဆေးတက္ကသိုလ်များတွင် သုတေသနဆိုင်ရာများ၊ ဘွဲ့ကြိုမှစတင် သင်ကြားပေးနိုင်ရေးဆိုင်ရာ များနှင့် မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြပြီး Severance Hospital အတွင်း ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည် ကြည့်ရှုလေ့လာသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)၌ အမေရိကန်နိုင်ငံ Henry Ford Hospital, Detroit, Michigan မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုပညာ ပါမောက္ခ Dr. Jack Rock ၊ ဆွစ်ဇာလန်နိုင်ငံ Bern University Hospital မှ ပါမောက္ခ Dr. Philippe Schucht ၊ ဆေးတက္ကသိုလ်(၁)နှင့်(၂)တို့မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုပညာဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ ဆရာဝန်များ နိုင်ငံတကာတွင် သင်ကြားပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်း၊ သင်ကြားပုံနည်း စနစ်နှင့် ခေတ်မီကုထုံးနည်းစနစ်များ သိရှိ လေ့ကျင့်နိုင်ရေးတို့ကိုဆွေးနွေးပြီး ဒုတိယအကြိမ်မြောက် အာဆီယံ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ လက်တွေ့သင်ကြားလေ့ကျင့်မှု အစီအစဉ် များကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါလက်တွေ့သင်ကြားမှု အစီအစဉ်၌ အမေရိကန်၊ ဆွစ်ဇာလန်၊ ကိုရီးယား၊ နီပေါ၊ စင်ကာပူ၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး (၂၃)ဦးက ခေတ်မီဆေးပစ္စည်းကိရိယာများ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံနည်းစနစ်များ အသုံးပြု၍ လက်တွေ့သင်ကြားပြသပေးပြီး ကမ္ဘောဒီးယား၊ စင်ကာပူ၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ဘွဲ့လွန်သင်တန်းသား/သင်တန်းသူ ၁၅ ဦးနှင့် မြန်မာနိုင်ငံမှ ဘွဲ့လွန်သင်တန်းသား/သင်တန်းသူ ၃၅ ဦး တက်ရောက်သင်ယူကြသည်။
(သတင်းစဉ်)


