နေပြည်တော် ၂၁ ဖေဖော်ဝါရီ
မြင်းခြံပြည်သူ့ဆေးရုံ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစကလေး ကုသဆောင် (၃)ထပ် အဆောက်အဦသစ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အလှူရှင် သုခိတာမိသားစု ဒေါ်ချိုချိုဝင်းနှင့် ဒေါ်တင်အေးသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က ကုသဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၃)ထပ် အဆောက်အဦသစ် လှူဒါန်းခြင်းသည် ပြည်သူများ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ၊ မိဘများအတွက် အထူးအကျိုးရှိမည်ဖြစ်သဖြင့် ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုသဆောင်သစ်တွင် လိုအပ်မည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးလျက်ရှိပြီး ထပ်မံလိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံမှ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြု ကော်မတီဝင်များအနေဖြင့် ဆေးရုံကြီး ဘက်စုံပိုမိုကောင်းမွန် တိုးတက်ရေးကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထားကာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့လှူဒါန်းသည့် အဆောင်သစ် အပါအဝင် ဆေးရုံတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးရုံမှ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး (၃)ထပ်ဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် သုခိတာမိသားစု ဒေါ်ချိုချိုဝင်းက ရှင်းလင်းပြောကြား၍ မြင်းခြံပြည်သူ့ဆေးရုံ အထောက်အကူပြု ကော်မတီဝင် ဦးဌေးဝင်းနှင့် ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းတို့က လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြင်းခြံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်၊ အထူးကု ဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြု ပညာရှင်များနှင့် တွေ့ဆုံ၍ ဆေးရုံဘက်စုံ ပိုမိုကောင်းမွန် တိုးတက်ရေးဆွေးနွေးရာ ဆေးရုံမှ တာဝန်ရှိသူများက ဝန်ကြီးဌာနမှ ပံ့ပိုးပေးခဲ့သည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အဆောက်အဦပိုင်းဆိုင်ရာများနှင့် ထပ်မံလိုအပ်သည်များကို တင်ပြကြရာ တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းပေးသည်။
ယနေ့လှူဒါန်းသည့် သားဖွား၊ မီးယပ်နှင့် မွေးကင်းစကလေး ကုသဆောင် (၃)ထပ် အဆောက်အဦနှင့် ပရိဘောဂပစ္စည်းများကို သုခိတာမိသားစု ဖခင်ဦးရှိန်၊ မိခင်ဒေါ်ပုလေးနှင့် သမီး ဒေါ်ချိုချိုဝင်းနှင့် ဒေါ်တင်အေးသန့်တို့မိသားစုမှ ငွေကျပ်သိန်းပေါင်း ၆၀ဝ၀ ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းပြီး ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်တွင် ဆောက်လုပ်ပြီးစီးသည်။
(သတင်းစဉ်)


