နေပြည်တော် ၁၁ မတ်
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယှဉ်ပြိုင်မှုကော်မရှင်၏ အဓိကရည်ရွယ်ချက်ဖြစ်သော စီးပွားရေး လုပ်ငန်းများအကြား လွတ်လပ်ပြီးတရားမျှတသော ယှဉ်ပြိုင်မှုဝန်းကျင်ကောင်း တည်ထောင်ရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးရန်၊ ဥပဒေချိုးဖောက်မှုများကို အရေးယူဆောင်ရွက်ရန်တို့သည်အရေးကြီးသည့် တာဝန်များဖြစ်ကြောင်း၊ ကော်မရှင် အသစ်တစ်ခုအနေဖြင့် ပြည်သူများနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၏ ယုံကြည်မှုကိုရရှိရန်အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကော်မရှင်ကလက်ခံရရှိထားသည့်တိုင်ကြားမှုများအပေါ် ဆက်လက် အရေးယူဆောင်ရွက်မှုများ၊ ဌာနတွင်းလမ်းညွှန်ချက်များနှင့် အများပြည်သူသို့ထုတ်ပြန် မည့် ယှဉ်ပြိုင်မှုဆိုင်ရာလမ်းညွှန်ချက်များ၊ အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသော ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။
(သတင်းစဉ်)


