နေပြည်တော်   ၁၅   မတ် 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Ms.Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့အား ယမန်နေ့က ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
    

ဩစတြေးလျသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဩစတြေးလျအစိုးရမှ ပညာသင်ဆုများ ပေးအပ်နေမှု၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည့် Social Work Institute နှင့်စပ်လျဉ်း၍ ဩစတြေးလျရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုများပပျောက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည် လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့်စပ်လျဉ်း၍ ပြင်ဆင်ထားမှု၊ လူမှုသဟဇာတမျှတရေးနှင့် လူမှုစီးပွား ဘဝတိုးတက်ရေးအတွက်ဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအေဂျင်စီများအပါအဝင်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးကြ သည်။
    

ထို့နောက် UNICEF ဌာနေကိုယ်စားလှယ် နှင့်တွေ့ဆုံစဉ် မိုင်းအန္တရာယ် အသိပညာ ပေးလုပ်ငန်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေး နေမှုများ၊ ၂၀၁၉ခုနှစ်၊ ဧပြီ ၄ ရက်တွင် International Day for Mine Awareness and Assistance in Mine Action ကျင်းပရန် ဆောင်ရွက်နေမှုများ၊ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြသည်။


(သတင်းစဉ်)