နေပြည်တော်  ၁၇  မတ် 

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်အဖွဲ့သည် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ Vienna International Centre တွင် မတ် ၁၄ ရက်မှ ၂၂ ရက် အထိကျင်းပသော(၆၂)ကြိမ်မြောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးညီလာခံအား တက်ရောက်ခဲ့ကြသည်။

 

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံး၌ ဖွင့်လှစ်ထားရှိပြီး မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များအား အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသောကြောင့် တားဆီးနှိမ်နင်းရေးအပိုင်းတွင် ပိုမိုထိ ရောက်မှုရှိလာပါကြောင်း၊ မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသတွင်လည်း မူးယစ်ဆေးဝါးပူးပေါင်းဆောင်ရွက်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုမှာ အောင်မြင်မှုများရရှိလျက်ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုတွင်လည်း ယခင်နှစ်များထက်များစွာ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊စိတ်ကြွဆေးများ ထိန်းချုပ်နိုင်ရေးအတွက် မူးယစ်ဆေးဝါးများချက် လုပ်ရာတွင်အသုံးပြုသည်ဓါတုဆေးများ တရားမဝင်မှောင်ခိုမှုကို  နိုင်ငံတကာကထိန်းချုပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်းနိုင်ငံတကာနှင့် ပူးပေါင်းကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံကျင်းပသည့် ရက်များအတွင်း မတ် ၁၃ ရက်နေ့တွင် ပြုလုပ်သောအကြိုညှိနှိုင်းအစည်းအဝေးအားလည်းကောင်း၊ မတ် ၁၄- ၁၅ ရက်များ တွင် ပြုလုပ်သည့် ဝန်ကြီးအဆင့်အစည်းအဝေး (Ministerial Segment) အားလည်းကောင်း တက်ရောက်ခဲ့ကြပြီးUNODC ၏ အမှုဆောင်ဒါရိုက်တာ Mr. YuryFedotov နှင့်လည်းကောင်း၊ INCB ၏ ဥက္ကဋ္ဌ Mr. VirojSumyaiနှင့်လည်းကောင်းသီးခြားစီတွေ့ဆုံသည်။ ထို့အပြင် မတ် ၁၈ ရက်မှ ၂၂ ရက်အတွင်းဆက်လက်ကျင်းပမည့် အစည်းအဝေးများသို့ သြစတြီးယား နိုင်ငံဆိုင်ရာမြန်မာအမြဲတမ်းအဖွဲ့ရုံးမှ သံအမတ်ကြီးဦးစံလွင်ကဆက်လက်တက် ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

222 C