နေပြည်တော် ၃၁ မေ
နေပြည်တော်သို့ လေ့လာရေးခရီး ရောက်ရှိနေသော ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ ညနေ ၆နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်ပြီးမြောက်၍ မိမိတို့နေထိုင်ရာ ဒေသအသီးသီးသို့ ရောက်ရှိသွားပြီးသည့် အခါတွင်လည်း မိမိတို့ ဝန်ကြီးဌာနနှင့် ဆက်သွယ်၍ တိုင်းရင်းသားများ၏ ကိစ္စရပ်များ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများနှင့် တိုက်ရိုက် ထိတွေ့ဆက်သွယ်ကာ မိမိတို့၏ တိုင်းရင်းသားအခွင့်အရေးများရရှိရေး၊ စကားစာပေရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါကြောင်း၊
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များသည် မိမိတို့ဝန်ကြီးဌာန၏ မရှိမဖြစ် အခြေခံအကျဆုံး မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများရှိ တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း စသည့် အဖွဲ့အစည်းများသည်လည်းမိမိတို့ ဝန်ကြီးဌာန၏ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အတူတကွ လက်တွဲဆောင်ရွက် နေသည့် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊
“တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်း အားဖြင့်ယူသော်ရ၏” ဆိုရိုးစကားအတိုင်း မိမိတို့၏ အင်အားများအားလုံးကို စုစည်းပြီး ကြိုးစားဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားများ အစဉ်အဆက်မျှော်လင့်တောင့်တနေသည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးဆိုသည့် ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်ပန်းတိုင်သို့ ချီတက်ရာလမ်းကြောင်းတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေမည်ဖြစ်ပါကြောင်း၊ ကြုံတွေ့ရမည့် ပြဿနာများကို အားလုံးက စိတ်ရှည်သည်းခံကာ ခွင့်လွှတ်စိတ်၊ သင်ပုန်းချေစိတ်များ မွေးမြူပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာပါက မိမိတို့ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် နေထိုင်ရာ ဒေသ၊ စကား စာပေ၊ ကိုးကွယ်ယုံကြည်မှု မည်သို့ပင် ကွဲပြားခြားနားပါစေ အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် သင့်သင့်မြတ်မြတ် နေထိုင်ကြရန် လိုပါကြောင်း၊ နွားကွဲရင်ကျားဆွဲခံရမှာဖြစ် သည့်အတွက် တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်နှင့် ဥမကွဲသိုက်မပျက် ပြည်ထောင်စုကြီး ထာဝရ အစဉ်တည်မြဲ အောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေတစ်ဖွဲ့လျင် ၅သိန်း ကျပ်ထောက်ပံ့ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာလေ့လာရေးအဖွဲ့များက ဂါရဝပြု လက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ထို့နောက် ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ကိုယ်စား လှယ်များကိုယ်စား လီဆူစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဌ ဦးချောလဲနှင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များကိုယ်စား မွန်စာပေနှင့်ယဉ်ကျေး မှုကော်မတီ ဥက္ကဌ နိုင်ခင်မောင်မြင့်တို့က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေး အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များက တိုင်းရင်းသားရိုးရာ တေးသီချင်းများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
တိုင်းရင်းသားလေ့လာရေးအဖွဲ့များသည် (၅)ရက်တာ နေပြည်တော်လေ့လာ ရေးခရီးစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ရတနာပြတိုက်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ သတ္တသတ္တာဟစေတီတော်(ဗုဒ္ဓဂါယာပုံတူ)၊ မဟာသကျရံသီရုပ်ရှင်တော် မြတ်ကြီး၊ ငလိုက်ဆည်ဆင်စခန်း စသည့် နေပြည်တော်ရှိ အထင်ကရနေရာများအပြင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေပုံများကိုပါ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


