နေပြည်တော် ဒီဇင်ဘာ ၂၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) သို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည်ရှုစစ်ဆေးစဉ် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန ဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများ စမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် ဓာတ်ခွဲခန်းများ တည်ထောင်ထားရှိမှု၊ ဓာတ်ခွဲခန်းအလိုက်၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် အရည်အသွေးများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်မှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်မှု၊ နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း တည်ထောင်ထားရှိမှု၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြုလက်မှတ်ရရှိမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဓါတ်ခွဲခန်းများ အဆင့်မြင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပေး‌ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်