နေပြည်တော် ၉ မတ်

နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသမည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများကို တင်ဒါစနစ်တို့ဖြင့် ရောင်းချမည့် အစီအစဉ်များ၊ ရတနာကုန်သည်များ ကြည့်ရှုဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ထားသည့် အစီအစဉ်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်၊ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကျောက်မျက် ရတနာလုပ်ငန်းရှင်များနှင့် ကျောက်အတွဲဝယ်ယူမည့် ရတနာကုန်သည်များက အလေးထားလိုက်နာ ဆောင်ရွက်ကြရေး ကြပ်မတ်ပေးရန်လိုကြောင်း၊ ဈေးကွက်အရ ဝယ်လိုအားနှင့်ရောင်းလိုအားကို ချင့်ချိန်၍ ဈေးကောင်းရရှိရေး ထိန်းချုပ်ရောင်းချနိုင်ရန်လိုကြောင်း၊ နောင်တွင် ကျောက်မျက်ရတနာ အရိုင်းများအပြင် အချောထည် လက်ဝတ်ရတနာများကို ပိုမိုထုတ်လုပ်တင်ပြ ရောင်းချနိုင်ရေး စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

၂၀၁၉ ခုနှစ်၊ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပုလဲအတွဲပေါင်း (၂၇၄)တွဲ၊ ကျောက်မျက် အတွဲပေါင်း (၅၀ဝ)နှင့် ကျောက်စိမ်းအတွဲပေါင်း (၆၉၇၄)တွဲတင်ပြရောင်းချမည်ဖြစ်ကာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် (၂၆၈၇)ဦး၊ ပြည်တွင်းရတနာကုန်သည် (၉၄၁)ဦး တက်ရောက်ကြည့်ရှု ဝယ်ယူကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)