နေပြည်တော် အောက်တိုဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာ ဝမ်ဟုန်ကျင့်၏  ဖိတ်ကြားချက်အရ  တရုတ်နိုင်ငံ စူးကျိုးမြို့တွင် ကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် - ၂၀၂၅ သို့ တက်ရောက်ရန်နှင့်  လေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုများကို   လေ့လာနိုင်ရန်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့သည်   အောက်တိုဘာ ၂၂ ရက်မှ ၂၃  ရက်အထိ   တရုတ်နိုင်ငံ  နန်ကျင်းမြို့နှင့်  စူးကျိုးမြို့များသို့ သွားရောက်ခဲ့သည်။

သွားရောက်လေ့လာ

အောက်တိုဘာ ၂၂ ရက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နန်ကျင်းမြို့   China   Huaneng Group ၏ ကျန်းစုပြည်နယ်အတွင်း ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရေး၊ ဓာတ်အားစနစ်ထိန်းချုပ်စင်တာသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက   ကမ်းလွန်လေအားလျှပ်စစ်   ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားထုတ်လုပ် မှု၊   နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုများအား ဓာတ်အားစနစ်တည်ငြိမ်မှုကို ထိခိုက်မှု မရှိစေရေး ပေါင်းစပ်ထိန်းချုပ်ဆောင်ရွက်မှုအခြေအနေများ၊ စက်ရုံများ ထိန်းသိမ်းလည်ပတ်မောင်းနှင်မှုကို ဓာတ်အားစနစ်ထိန်းချုပ်စင်တာမှ ထိန်းချုပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်    ကိုယ်စားလှယ်အဖွဲ့သည် Jingyu Deep-green Energy Co.,Ltd. မှ ဆောင်ရွက်လျက်ရှိသည့် ဇီဝလောင်စာတောင့် စက်ရုံသို့ ဝင်ရောက်လေ့လာရာတာဝန်ရှိသူများက ကိုင်းဖျား ကိုင်းနား၊ ဝါး၊ ဆီအုန်းခွံ၊ ပြောင်းဖူးရိုး၊  အုန်းခွံ စသော   စွန့်ပစ်ဇီဝ ပစ္စည်းများကို စက်မှုလုပ်ငန်းများ တွင် ပြန်လည်အသုံးပြုနိုင်သော  ဇီဝကာဗွန်များ၊  သစ်သားလောင်စာတောင့်များ ထုတ်လုပ်မှု အဆင့်ဆင့်အလိုက် စက်ရုံအတွင်း  ရှင်းလင်းပြသပြီး  ကုန်ကြမ်းစုဆောင်းရရှိမှုများ၊ နိုင်ငံတော်မှ အားပေးထောက်ခံမှုများ၊ ဈေးကွက်ရှာဖွေရရှိမှု အခြေအနေများ၊ သယ်ယူပို့ဆောင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် ဖိုရမ်ကျင်းပရေးအဖွဲ့၏  စီစဉ်ပေးမှုဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ   ၂၃ ရက်တွင်   စူးကျိုးမြို့ Xiangcheng  EDZ    Energy Center သို့ သွားရောက်၍ Energy Center တွင် လျှပ်စစ်စွမ်းအင်စီမံ ခန့်ခွဲမှုများ၊ အဆောက်အအုံများတွင်   Dual Thermal Storage  နှင့်  Multi-energy Complem- entarity     ဆောင်ရွက်ထားရှိ မှုများ၊    AI-Enabled   Smart Energy  Technology ၊ Energy Saving and Carbon Reduction၊ AI base Control System တို့ကို ဆောင်ရွက်ခြင်းဖြင့်   နိုင်ငံတော်မှချမှတ်ထားသော  မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လေ့လာခဲ့သည်။

အောက်တိုဘာ ၂၃ ရက်တွင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA) တို့က ကြီးမှူးကျင်းပသည့်    စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ်   ၂၀၂၅ ၏   ဖိုရမ်ခွဲ Large Power Grid Security Risk Prevention   and    Control Technical  သို့ တက်ရောက်ကြသည်။ ဖိုရမ်ခွဲတွင် တရုတ်အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဌာနမှ မစ္စတာ ဟွမ်ရွှေနုန်၊ တရုတ်နိုင်ငံ တောင်ပိုင်းလျှပ်စစ်ဓာတ်အားကွန်ရက်မှ မစ္စတာဝူရှောက်ချန်တို့   တက်ရောက်ပြီး ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံသည်   ပြန်ပြည့်မြဲစွမ်းအင် ပေါကြွယ်ဝသဖြင့်  နေစွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ရန် အင်တိုက်အားတိုက်  ကြိုးစားလျက်ရှိပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်၊ သန့်ရှင်းသည့် လောင်စာများနှင့် နျူကလီးယားစွမ်းအင်တို့က စွမ်းအင်စနစ်တည်ငြိမ်မှုအတွက် အခြေခံအချက်အဖြစ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်   ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွင် အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းသည် ဤကြီးမားသော စွမ်းအင်အသွင်ကူးပြောင်းမှုကို  ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်ကူးများ၊ နည်းပညာများနှင့်  အတွေ့အကြုံများကို  မျှဝေခြင်းဖြင့် ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ ၏ ဖိုရမ်ခွဲ  Large   Power  Grid Security Risk Prevention and Control Technical သို့ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်မှုဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ကောလိပ်များမှ သုတေသနဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ လျှပ်စစ်ဆိုင်ရာမူဝါဒချမှတ်သူများ  တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်