နေပြည်တော်  ၁၈  မတ် 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး Dr. Eva Hager တို့သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ e-Government စနစ်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် e-ID စနစ် လုပ်ငန်း ကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ နိုင်ငံတွင်း နေထိုင်သူများကို  Biographic နှင့်  Biometric Data များကောက်ယူပြီး လူတစ်ဦးချင်းစီကို Unique ID နံပါတ်သတ်မှတ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊  သြစတြီးယားနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်   e-ID စနစ် ကျင့်သုံးဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရသည့်စနစ်ဖြစ်ရေးအတွက် ခေတ်မီနည်း စနစ်များ အသုံးပြုဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ e-ID လုပ်ငန်းဆောင်ရွက်မှုများအပေါ် သြစတြီးယားနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ e-Government လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရာတွင် မြန်မာ - သြစတြီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)