နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည်  တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် LPG Safety Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်း၌ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို မြှင့်တင်ရန်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်မှ LPG ကို မဟာဗျူဟာမြောက် စွမ်းအင်အနေဖြင့် မျှော်မှန်းဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် LPG Industrial ကို တိုးမြှင့်ဆောင်ရွက်ရာတွင် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုများအပြင် ယခုကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍအလိုက် သင်တန်းများကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ LPG ကို စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်ရာတွင် စက်မှု၊ ပို့ဆောင်ရေးနှင့် ကျေးလက်ကဏ္ဍများအပြင် မြို့ပြမီးဖို ချောင်သုံးကဏ္ဍများ၌ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ LPG ကဏ္ဍတွင် အစိုးရပါဝင်မှုလျှော့ချပြီး ပုဂ္ဂလိကကဏ္ဍ အပြည့်အဝ ကူးပြောင်းရေးအတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း။ 

 

mdn

 

နိုင်ငံအတွင်း LPG ကျယ်ပြန့်စွာသုံးစွဲနိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ပြီး လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများတွင် အပြည့်အဝ အသုံးပြုနိုင်ရေး တဖက်တလမ်းမှ ကူညီပေးနိုင်မည်ဖြစ်ပြီး ထင်း၊ မီးသွေးနေရာတွင်လည်း အစားထိုးသုံးစွဲနိုင်ခြင်း တို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ်တွင် LPG ကို ကျေးရွာများအထိ ရောက်ရှိအောင် ဖြန့်ဖြူး သွားရန်နှင့် အိမ်ထောင်စု ၁ သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု ၁ သိန်းခွဲသို့ LPG ဖြန့်ဖြူး ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် LPG ကို မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အသုံးပြုနိုင်ရေးအတွက် LPG Auto Gas Filling Station များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့ကြောင့် LPG ဖြန့်ဖြူးနေသောကုမ္ပဏီများမှ ဝန်ထမ်းများနှင့် စက်ရုံရှိဝန်ထမ်းများကို ယခုကဲ့သို့ LPG ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်ပြီး ဗဟုသုတများကို မျှဝေပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် LPG ကို ကိုင်တွယ်အသုံးပြုပုံများ၊ LPG ကို ကိုင်တွယ်ဖြန့်ဖြူးရာတွင် လိုအပ်မည့်အရာများ၊ မော်တော်ယာဉ်များတွင် LPG လောင်စာ ထည့်သွင်းအသုံးပြုရာတွင် လိုအပ်သည့် Car Conversion Kit များကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် တပ်ဆင်အသုံးပြုပုံများကို ဘာသာရပ်အလိုက် ပညာရှင်များက စာတွေ့လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ LPG ကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေနံဓာတ်ငွေ့ရည် လုပ်ငန်းရှင်များအသင်းကို အမြန်ဆုံးဖွဲ့စည်းသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော LPG ဖြန့်ဖြူးရောင်းချနေသော ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)