နေပြည်တော် ၂၃ ဖေဖော်ဝါရီ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ် အားခွဲရုံများကို တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ယနေ့အချိန်တွင် လျှပ်စစ်ဓာတ်အား ၃၅၈၆ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၁၅၄၈ ဒသမ ၂၃ မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးကို သုံးစွဲလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်/ စက်မှုလက်မှုလုပ်ငန်းများတွင် ယခုလက်ရှိ သုံးစွဲနေသော ဝန်အားမှာ မဂ္ဂါဝပ် ၄၆၅ ဒသမ ၇၄၀ ရှိပြီး နောက်ထပ်လိုအပ်မည့် ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အား လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများ ကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကြုံတွေ့နေရ သည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြားရန်လိုကြောင်း၊ လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်ပြီး မိမိတို့ ဖြန့်ဝေပေး မှုအပိုင်းတွင် အနည်းငယ် လိုအပ်နေမည်ဖြစ်၍ လိုအပ်သော ဓာတ်အားထုတ်လုပ်မှုအပိုင်းကို ဖြည့်ဆည်းမှုအနေဖြင့် စက်မှုလုပ်ငန်းရှင်များက မီးသုံးစွဲမှုများသော ညဦးပိုင်းအချိန်များတွင် အသုံးမပြုဘဲ ညပိုင်းအချိန်များတွင် အသုံးပြုသွားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လို ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများက လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှုများ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ် ချက်များကို တင်ပြကြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်က စက်မှုဇုန်များ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးသည်။
(သတင်းစဉ်)


