နေပြည်တော် ၂၁ ဖေဖော်ဝါရီ  
    

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။

 

mdn

    

ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူးမှ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းအဓိက လုပ်ငန်းကြီးများ အလိုက်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ 

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုသွားရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး ဂရုစိုက်ဆောင်ရွက်သွားရန် မှာကြားသည်။

    

ထို့နောက် အမှတ်(၂) ရေလွှဲဥမင်လိုဏ်အဝင်ပိုင်းနှင့် ရေထိန်းတံခါးပြွန်တူးဖော်ခြင်းလုပ်ငန်း၊ ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဥမင်လိုဏ်ခိုင်ခန့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် အထွက်ပိုင်း ကွန်ကရစ်သွန်းလောင်းနေမှုများကို ဥမင်လိုဏ်တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးပြီး အမှတ်(၁) ရေလွှဲဥမင်လိုဏ်၏ ဖောက်လုပ်ပြီးစီးနေမှုကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ စီမံကိန်းလုပ်ငန်းခွင်ရှုရပ်မှ တမံအုတ်မြစ်စိမ့် ရေတားနံရံလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပင်မတမံအောက်ခြေ မြေကြီး/ကျောက်သားတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

mdn

 

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ပြီး ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ တည်ဆောက်လျက်ရှိရာ စီမံကိန်း၏ ၅၁ ဒသမ ဝ၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

    

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧည့်ရိပ်သာ ရှင်းလင်းဆောင်၌ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ 

 

(သတင်းစဉ်)