နေပြည်တော် ၁၂ မတ်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော မန္တလေးမြို့၊ Mandalay Social Science Institute (MSSI) တွင် သင်တန်းတက်ရောက်နေသည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားသင်တန်းသား၊ သင်တန်းသူများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ လက်ခံတွေဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏အနာဂတ်သည် တိုင်းရင်းသားလူငယ် လူရွယ်များ၏ လက်ထဲတွင်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ နိုင်ငံ၏အတိတ်သမိုင်းကို အစဉ်သတိရပြီးအတိတ်ကဖြစ်ရပ်များမှ သင်ခန်းစာယူရမည်ဖြစ်ပါကြောင်း။ ခေတ်မှီဖွံ့ဖြိုးတိုးတက် နေသော ကမ္ဘာ့ရေစီးကြောင်းတွင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် လိုက်ပါတိုးတက်နေကြပြီ ဖြစ်ပါ ကြောင်း၊ ထိုသို့ တိုးတက်နိုင်ရေးမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးပေါ် တွင်မူတည်နေပါကြောင်း၊ လိုက်ပါတိုးတက်နိုင်ခြင်းမရှိပါက မိမိတို့တိုင်းရင်းသားများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ သမိုင်းအမွေအနှစ်များသည် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်နေသော ရေစီး ကြောင်းတွင် နစ်မျောပါဝင်သွားနိုင်ပါကြောင်း၊ အနာဂတ်၏ လူငယ်လူရွယ်များအနေဖြင့် အဆိုပါအချက်ကို အထူးအလေးထားရမည်ဖြစ်ပါကြောင်း။
နိုင်ငံသားနှင့်တိုင်းရင်းသားသည် အဓိပ္ပါယ်အားဖြင့် မတူညီပါကြောင်းနိုင်ငံသားသည် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အဆိုပါနိုင်ငံတွင် မည်သူမဆိုနိုင်ငံ သားဖြစ်ခွင့် ရရှိနိုင်မည်ဖြစ်သော်လည်း တိုင်းရင်းသားသည် နိုင်ငံတစ်နိုင်ငံကိုမူရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် မှီတင်းနေထိုင်ခဲ့သော လူမျိုးနွယ်စုများကိုသာ တိုင်းရင်းသားအဖြစ် သတ်မှတ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် မိမိတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် လူမျိုးစုတိုင်းထိန်းသိမ်း ကာကွယ်စောင့်ရှောင့်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအနေဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည်ဖြင့် လူမျိုးစုအစွဲများကိုပယ်ဖျောက်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပါက တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင် မည်ဖြစ်ပါ၍ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် မျိုးနွယ်စုအမည်စွဲများ၊ ကျဉ်းမြောင်းသော ဝါဒစွဲများအား ပယ်ဖျောက်၍ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်စစ်စစ်ဖြင့် တန်းတူညီမျှသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဒုတိယညွှန်ကြားရေးမှုး ဦးကျော်အောင်ဝင်းက ရှင်းလင်းတင်ပြပြီးMandalay Social Science Institute (MSSI)သင်တန်းမှ တိုင်းရင်းသားသင်တန်းသားသင်တန်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြ သထားသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယဉ်မှုပြခန်းများကို လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


