နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့် ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့်လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
IDP စခန်းများအား စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ်တင်ပြရေးအဖွဲ့ကိုလည်း ဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်ထားပြီးဖြစ်သဖြင့် IDP စခန်းများအလိုက် ရောက်ရှိနေထိုင်နေကြသူများ၏ ရပ်တည်နေထိုင်မှုကို စိစစ်လေ့လာပြီး စခန်းများ ပိတ်သိမ်းနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရန်နှင့် အားလုံးပါဝင် ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးအတွက် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ဆဲ တည်ဆောက်ရေး လုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်သွားကြရန်နှင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ရန်ပုံငွေထည့်သွင်းလျာထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ကာလအတွင်း အိမ်ထောင်စု ၁၆,၇၇၃ စု၊ လူဦးရေ ၇၂,၇၇၁ ဦးတို့ကို မူလနေရာများသို့ ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့်တိုက်ပွဲရှောင်စခန်း ၁၇၀ ကို ပိတ်သိမ်း နိုင်ခဲ့ပါကြောင်း။
ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထား ည့် ဒေသများတွင် အမှီအခိုကင်း၍အ ဆင်ပြေစွာ ရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင် ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန် အတွက်လည်းများစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီထိရောက် ပီပြင်စွာဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေ၊ IDP Camp များနှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အလက် ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှုအခြေအနေ၊ ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလော လိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် (၂/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် IDP စခန်းများအား လေ့လာသုံးသပ်၍ အကြုံပြုချက်များဖော်ထုတ် တင်ပြရေးအဖွဲ့ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်ကြသူများ၏ ရပ်တည် နေထိုင်မှုများအပေါ် ကွင်းဆင်းစိစစ်လေ့လာ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်


