၅ နိုဝင်ဘာ

 

 

ကင်မရွန်းနိုင်ငံ မြောက်ပိုင်း ဒေသကြီးနှင့် အာဒါမာဝါဒေသတို့တွင် ပြန်ပေးဆွဲသူများဟု သံသယရှိသူ ၂၀၀ ကျော်ကို ကင်မရွန်းစည်းကမ်းထိန်းရဲအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု လုံခြုံရေးအရာရှိ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

အဆိုပါ သံသယရှိသူများသည် ပြန်ပေးဆွဲမှု၊ မွေးမြူရေး တိရစာ္ဆန် ခိုးမှုနှင့် လက်နက်ကိုင် လုယက်မှုတို့ ဆောင်ရွက်ခဲ့ကြကြောင်း မြောက်ပိုင်းဒေသ ကင်မရွန်း စည်းကမ်းထိန်း ရဲအဖွဲ့တပ်မှူး ဗိုလ်မှူးကြီး ဒေးဗစ် နောင်ဖရေ က ပြောကြားခဲ့သည်။

 

 

နှစ်လနီးပါးအကြာ ဖြစ်ပွားနေသော စစ်ဆင်ရေးအတွင်း သုံ့ပန်းအချို့ကို လွှတ်ပေးခဲ့ကြောင်းနှင့် ပြန်ပေးသမား အများစုကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ပြန်ပေးဆွဲသူများကို ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဟု ၎င်းက ဆိုသည်။

 

 

အာဒါမာဝါဒေသတွင် သုံးနှစ်တာ ကာလအတွင်း နွားခိုးမှု ၅၀၀၀ နှင့် ပြန်ပေးဆွဲမှု ၃၀၀ ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းထက်မနည်း ပြန်ပေးသမားများထံ ပေးဆောင်ရသည်ဟု ခန့်မှန်းရကြောင်း ဖေဖော်ဝါရီလက လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ပြန်လည်တည်ဆောက်ရန်အတွက် အထူးတပ်ဖွဲ့များ ချထားရန် ယင်းအခြေအနေက သမ္မတ ပေါလ် ဘီယာ ကို လှုံ့ဆော်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို