ပန်းတောင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပြုလုပ်ပေးလျက်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ကျန်းမာရေးဝန်ထမ်း များက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက် ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက ဆောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သန်းထိုက်စိုးထံမှ သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့် ရှောက်ပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)


