အောက်တိုဘာ ၃၁
ပါပူအာနယူးဂီနီနိုင်ငံ အင်ဂါပြည်နယ် (PNG) ရှိ ရွာငယ်လေးတစ်ရွာတွင် ယနေ့နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် အလောင်း ၁၁ လောင်းခန့်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ငံ၏မြို့တော် ပို့တ်မိုရက်စ်ဘီမှ အနောက်မြောက်ဘက် ၅၅၀ ကီလိုမီတာအကွာရှိ ကူကတ်စ်ရွာငယ်လေးတွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း PNG သတင်းစာ Post Courier က ဖော်ပြခဲ့သည်။
အဆိုပါမြေပြိုမှုကြောင့် နေအိမ်သုံးလုံး မြေအောက်နစ်မြုပ်ခဲ့ပြီး လူ ၂၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အလောင်းများပြန်လည်ရှာဖွေရာတွင် ကူညီရန်နှင့် အသက်ရှင်ကျန်ရစ်သူများအား အရေးပေါ်အကူအညီများ ပေးအပ်ရန် ဒေသန္တရအစိုးရဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း အင်ဂါပြည်နယ်အုပ်ချုပ်ရေးမှူး ပီတာအီပါတက်စ်၏ ပြောကြားချက်ကို ကိုးကား၍ သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေးကော်ပိုရေး ရှင်း (ABC) က ဖော်ပြခဲ့သည်။
ကူကတ်စ်ကျေးရွာသည် ၂၀၂၄ ခုနှစ် မေလတွင် မြေပြိုမှုကြီးတစ်ခုကြောင့် ရာနှင့်ချီသော အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့် မူလီတာကာဒေသ၏ အရှေ့တောင်ဘက် ၆၄ ကီလိုမီတာခန့်အကွာ အင်ဂါပြည်နယ် ဝါပန်နာမန်ဒါခရိုင်တွင် တည်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


