နေပြည်တော် ၁၁ မတ်
ပထမအကြိမ် သက်ကြီးဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် သူနာပြုသင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦး၊ Polestar Kaigo Co.,Ltd မှ ဦးဝင်းရှိန်၊ Mr. Nakamoto နှင့် Mr. Yamaguchi တို့က သက်ကြီးဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံမှူးကြီး Mr. Toru Maeda ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တို့က သင်တန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားမည့် စာသင်ခန်း၊ လက်တွေ့လေ့ ကျင့်ခန်း၊ သင်ထောက်ကူပစ္စည်းကိရိယာများနှင့် လူနာတင်ယာဉ်တို့ကို လှည့်လည်ကြည့်ရှုသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လုပ်ငန်းများဆောင် ရွက်ရာတွင် ရှေးရိုးစွဲဖြင့် ပုံသေတစ်သမတ်တည်း မွမ်းမံပြောင်းလဲမှုမရှိဘဲ ဆောင်ရွက်ပါက ရင်းနှီးမြှုပ်နှံရသော ဘဏ္ဍာငွေ အပါအဝင် အရင်းအနှီးများ ထိရောက်မှုမရှိဘဲ ဆုံးရှုံးကာ လုပ်ငန်းများအောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ပြောင်းလဲလာသော အခြေအနေ၊ အချိန်အခါ၊ ဖြစ်စဉ်ဖြစ်ရပ်များနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း ဟူသည့် ပြည်သူ့ကျန်းမာရေး အခြေခံသဘောတရားများကို လက်ကိုင်ထား၍ ယခုသက်ကြီးဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သက်ကြီး ဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ကမ္ဘာ့ထိပ်တန်းဖြစ်သည့် ဂျပန်နိုင်ငံမှ သင်ရိုးများအတိုင်း ဂျပန်နိုင်ငံမှပညာရှင်များက ခေတ်မီသင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းတွင် သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ရာတွင် ဂုဏ်သိက္ခာရှိစွာ အလေးထားမှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ မသန်စွမ်းသက်ကြီးဘိုးဘွား ပြုစုစောင့်ရှောက်မှု စသည်ဖြင့် ဘက်စုံကောင်းမွန်သည်ဖြစ်၍ သူနာပြုနှင့် သားဖွားဆရာမများ သင်ကြားလေ့ကျင့်သည့် သင်ရိုးများတွင်လည်း လိုအပ်သည့် ကဏ္ဍများကို မွမ်းမံထည့်သွင်းရန်လိုကြောင်း၊ ယခုသင်တန်းသည် ကျန်းမာရေး လုပ်ငန်းဆိုင် ရာ အလုပ်အကိုင် စံသတ်မှတ်ရေးကော်မတီ၏ မူဝါဒ၊ ကျွမ်းကျင်မှုသတ်မှတ်ချက် စံနှုန်းများနှင့် အညီ စံရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံမှူးကြီး Mr. Toru Maeda တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၉၇ ဦးအား (၆)လကြာ သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးကုသမှု ပြင်ပလူနာဌာနနှင့် ကင်ဆာကုသဆောင်သစ် (၅)ထပ်အဆောက် အဦ တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ ကျင်းပသည့် အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအား အပြီးသတ်ရေးဆွဲနိုင်ရေး၊ အလုပ်သင် ဆရာဝန်များ လေ့ကျင့်သင်ကြားရေး၊ သင်ကြားပုံနည်းစနစ်နှင့် ဆန်းစစ်ခြင်း၊ Faculty Training ပြုလုပ်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အလုပ်သင်ဆရာဝန်များ သင်ကြားလေ့ကျင့်ရေးဆိုင်ရာ လိုအပ်ချက် များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာ အေးမောင်ဟန်က အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း မူကြမ်းအား ရေးဆွဲထားရှိမှုနှင့် အကြံပြုချက်များကို ရှင်းလင်းပြောကြားပြီး ဆေးတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ဆေးပညာရှင်ကြီးများ၊ ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန်များက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေး အကြံပြုကြသည်။
(သတင်းစဉ်)


