နေပြည်တော် ၁၃ မတ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် Public Expenditure and Financial Accountability (PEFA) Assessment Launch အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေးတာဝန်ယူမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု အကဲဖြတ်သုံးသပ်ခြင်းကို ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် Public Financial Management Performance Report ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ အဆိုပါ PEFA Assessment သည် နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ခဲ့ကြောင်း၊ ယခုကမ္ဘာ့ဘဏ်၏ PEFA မစ်ရှင်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ဒုတိယ အကြိမ် အစိုးရ အသုံးစရိတ်နှင့် ဘဏ္ဍာရေးတာဝန်ယူမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ် ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ နှင့်ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို စီမံကိန်းချမှတ်ဆောင်ရွက်လျက် ရှိရာ စီမံကိန်းပထမအဆင့်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးမည်ဖြစ်ပြီး စီမံကိန်းဒုတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းမှရရှိသည့် အကျိုးကျေးဇူးမှာ ပြည်သူတို့၏ ဘဏ္ဍာငွေများဖြစ်သော ရငွေများတိုးတက်ရရှိရေး၊ အသုံး စရိတ်များကို အကျိုးရှိ ထိရောက်စွာသုံးစွဲရေး၊ စီမံကိန်းနှင့် ဘတ်ဂျက်ဆိုင်ရာ စွမ်းဆောင် ရည်များတိုးမြှင့်ရေးတို့ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


