မန္တလေး ၁၁ မတ်
ပုဂ္ဂလိကဆေးရုံ ၅ ခုပေါင်းပြီး ပုဂ္ဂလိက သူနာပြုတက္ကသိုလ် တည်ထောင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပန်းလှိုင်စီလုံဆေးရုံ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရတက္ကသိုလ်များမှ မွေးထုတ်ပေးသော သူနာပြုများကိုသာ အားကိုးရသည့်အတွက် လုံလောက်မှု မရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပုဂ္ဂလိက သူနာပြုတက္ကသိုလ် တည်ထောင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
‘သူနာပြု အနေနဲ့ အစိုးရက ထုတ်ပေးတဲ့ သူနာပြုတွေကိုပဲ အားကိုးရတယ်။ မနှစ်ကတည်းက အစိုးရကို Apply လုပ်ပါတယ်။ ပန်းလှိုင်ဆေးရုံသည် Nursing University ထောင်မယ်ဆိုပြီး သင်ရိုးညွှန်းတန်းတွေကအစ ကိုယ်တိုင်ရေးပါတယ်။ တကယ့်ပညာရှင်တွေကို ခေါ်ပြီးရေးပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဆေးရုံ ၅ ခုက ပူးပေါင်းပြီး Nursing University ထောင်ဖို့ apply လုပ်ထားပါတယ်။ တော်တော်နီးစပ်စွာ ရောက်နေပါပြီ’ ဟု ပန်းလှိုင်စီလုံဆေးရုံ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပုဂ္ဂလိက ဆေးရုံများ ကဏ္ဍတိုးတက်ရေးအတွက် PPP စနစ်ဖြင့်ဆောင်ရွက်နေပြီး ပုဂ္ဂလိက သူနာပြုတက္ကသိုလ်များ ပေါ်ထွက်လာရေးအတွက် နည်းဥပဒေတွေ ထွက်ရှိပြီဖြစ်ကြောင်း၊ ပုဂ္ဂလိက သူနာပြု တက္ကသိုလ်များ အကောင်ထည်ဖော်ရန် ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
‘နိုင်ငံတော်အစိုးရက လက်ရှိ ပုဂ္ဂလိက အင်စတီကျူးရှင်း တိုးတက်လာအောင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး Nursing School အတွက် နည်းဥပဒေတွေလည်း ထွက်ပြီ။ လပိုင်း မကြာခင်လောက်မှာပဲ ပုဂ္ဂလိက သူနာပြုသင်တန်းကျောင်းတွေ ဖွင့်ပေးမယ်လို့ သိရပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ပထမဆုံး ခြေလှမ်းလို့ မြင်ပါတယ်’ဟု မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ် က ပြောသည်။
၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ဆေးရုံ ၂၃၉ ခု ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


