ရန်ကုန် ၁၅ မတ် 


အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ပထမအကြိမ် Stakeholders’ Symposium ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။


ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (UK Department for International Development –DFID) အကြီးအကဲ  Dr. Gail Marzetti၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိက အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် အမျိုးသား ပို့ကုန် မဟာဗျူဟာသည် မြန်မာနိုင်ငံကို ကမ္ဘာ့ဈေးကွက်တွင် ထွန်းသစ်စ နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် စွမ်းဆောင်ရည် မြှင့်တင်ပေးရေးအတွက် အမှန်တကယ် လိုအပ်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ပထမအကြိမ် Stakeholders’ Symposium အစည်းအဝေးနှင့် e-Commerce Payment Platform for Digital Economy ဆွေးနွေးပွဲတို့ကို တစ်ချိန်တည်း တစ်နေရာတည်းတွင် ကျင်းပပြုလုပ်နိုင် သည့် အတွက် နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းရာတွင် အင်အားတစ်ရပ် ဖြစ်စေပါကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးကဏ္ဍသည်လည်း အမျိုးသား ပို့ကုန် မဟာဗျူဟာအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် တွန်းအားတစ်ရပ်အနေဖြင့် ပါဝင်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။


နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများသည် ကနဦး မောင်းနှင်အားများဖြစ်ပြီး အချိုးကျ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်အခါသမယတွင် မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို အကောင်အထည်ဖော်မှုနှင့်အတူ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးသည့် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုး ရေးဌာန (UK Department for International Development - DFID)၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (International Trade Center-ITC)နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။


နိုင်ငံတော်၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီနှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဦးစားပေးကဏ္ဍ (၇) ခုနှင့် အထောက်အကူပြုကဏ္ဍ (၄)ခု၊ စုစုပေါင်း (၁၁)ခုကို ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၅) နှစ်တာကာလ ပြီးဆုံးတော့မည်ဖြစ်ပြီး ထိုက်သင့် သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ 


အဆိုပါအမျိုးသား ပို့ကုန်မဟာဗျူဟာသည် မြန်မာ့ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန်အတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို လမ်းပြမြေပုံအနေဖြင့် ဖော်ထုတ်ပေးပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုအကြား ကြီးမားကျယ်ပြန့်သည့် ဆက်နွယ်ဆောင်ရွက်မှုများကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း။


ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အကျိုး သက်ရောက်မှု အရှိဆုံးဖြစ်သည့် ပို့ကုန်ကဏ္ဍများကို ရွေးချယ် ဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ လက်ရှိကဏ္ဍ (၁၁)ခုအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို ပြင်ဆင် ဖြည့်စွက်သွားမည့်အပြင် ထပ်မံထည့်သွင်းဆောင်ရွက်ရမည့် ကဏ္ဍအသစ် (၅) ခုဖြစ်သည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ လယ်ယာထွက်ကုန်ပစ္စည်း၊ အခြေခံ စားသောက် ကုန်ထုတ်လုပ်ခြင်းနှင့် လက်မှုအနုပညာ ပစ္စည်းတို့အတွက်လည်း မဟာဗျူဟာ ဒီဇိုင်းရေးဆွဲ အတည်ပြုခြင်းကို အဓိကထုတ်လုပ်သော တိုင်းဒေသကြီး/ ပြည်နယ်များမှ လုပ်ကိုင်သူများပါ အားလုံးပါဝင် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဦးစားပေး ကဏ္ဍများအနက် ပိုမိုအလေးပေး ဦးစားပေးဆောင်ရွက်သင့်သည့် ကဏ္ဍများ (Top Priorities) ကိုလည်း ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


နိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော် ဆောင်ရွက်လာကတည်းက ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်အသီးသီးအပေါ် အထူးအလေးထား ဆောင်ရွက်လာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ၏ အောင်မြင်မှု အကျိုးဆက်များအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ကယားပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် Netherland Trust Fund III (၂၀၁၄-၂၀၁၇) စီမံကိန်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်သည့် Netherland Trust Fund IV (၂၀၁၈-၂၀၂၁) ခရီးသွားလုပ်ငန်း စီမံကိန်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍအတွက် ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေ တိုးမြှင့်ရေး စီမံကိန်း (၂၀၁၅-၂၀၁၉) နှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် ခရီးသွားလုပ်ငန်း များ ချိတ်ဆက်တိုးတက်ခြင်း စီမံကိန်း (၂၀၁၈-၂၀၂၁) ကို အင်းလေးကန်ဒေသအနီး တစ်ဝိုက်တွင် နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန၏ နည်းပညာအကူအညီများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊

 


အမျိုးသားပို့ကုန်မဟာဗျူဟာ ( ၂၀၂၀-၂၀၂၅ ) သာမက ရွေးချယ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာစေရန်၊ အမျိုးသားအဆင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးမဟာဗျူဟာ (Myanmar Investment Promotion Plan-MIPP) နှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ပို့ကုန်ကဏ္ဍ တစ်ခုချင်းစီတို့နှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်အောင် တက်ရောက် လာကြသော ဧည့်သည်တော်များက တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။


အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ (၅) နှစ်တာကာလကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေမည်ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ၏ ဦးစားပေး ရည်မှန်းချက်များဖြစ်သော ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဝင်ငွေတိုးမြင့်ရရှိရေးတို့ကို ထိရောက်စွာ အထောက်အကူ ပြုမည်ဖြစ် သည့်အပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ မျှော်မှန်းချက်နှင့်အညီ နိုင်ငံတော်အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့်ကြွယ်ဝမှုဆီသို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅)၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UK Department for International Development –DFID) အကြီးအကဲ Dr. Gail Marzetti  က အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကဏ္ဍများတွင် ပါဝင်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။


ဆက်လက်၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ အစည်းအဝေးခန်းမ၌ (၂၅) ကြိမ်မြောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။


ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲသည် (၂၅) ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ယခင်ကျင်းပပြီးစီးခဲ့သည့် (၂၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် အားလုံးကို သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် တင်ပြလာသည့် စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များထံသို့ အကြောင်းပြန်ကြားပေးခဲ့ ပြီးဖြစ်ပါ ကြောင်း။ 


ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြု တင်ပြချက်များအပေါ် ချက်ခြင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါပြန်ကြားချက်များတွင် အချို့အချက်များသည် အချိန်ယူ၍ ဆက်လက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံကာ ဆွေးနွေးပွဲ (Public - Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတို့မှ တင်ပြချက်များကို ဆွေးနွေးပွဲ(Public - Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း။


မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် အဓိကကျသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေ လွယ်ကူချောမွေ့ စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအား ဖြေလျှော့ခြင်းစသည့် မဏ္ဍိုင်ကြီး (၄)ခုကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ယခင်ကထက် ပို၍ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ 


နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် အဓိကကျသည်မှာ မှန်သော်လည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာမှသာလျှင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် သာမန်ပြည်သူများ အချိုးညီညီမျှတစွာဖြင့် ၎င်းတို့၏ လူမှု စီးပွားဘဝတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်တွဲလုပ်ကိုင် နိုင်ခြင်း၊ ထိုမှတစ်ဆင့် မိမိနိုင်ငံအတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေခြင်းသာမက မိမိနိုင်ငံသားများက ပြည်ပသို့ သွားရောက်ရင်းနှီးမြှုပ်နှံခြင်းကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။


ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများကို ပြင်ဆင်ဖြေလျှော့ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို တတ်နိုင်သလောက် ပံ့ပိုးကူညီပေး လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှုကို အတူတကွ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။


ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။


ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ယင်းနောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊  ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။


ထို့နောက်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်နှင့် နယ်စပ်ဒေသ ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (UMFCCI) အဖွဲ့ဝင် ဦးကိုကိုကြီးတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက Myanmar Doing Business Website လွှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဖြေရှင်း ပေးသည်။


ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅) ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


(သတင်းစဉ်)

 

1