ကျောက်ပန်းတောင်း ၁၁ မတ်  


ပုပ္ပားတောင်ကလပ်သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ပြည်ပခရီးသွားဧည့်သည် ၂၀၄၈ ယောက် လာရောက်လည်ပတ်ခဲ့ကာ ပြည်တွင်းဘုရားဖူး ခရီးသွားများလည်း နွေရာသီကျောင်းပိတ်ရက် လာရောက်သူများပြားလာကြောင်း သိရသည်။


ပုပ္ပားတောင်ကလပ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်၊ မြင်းခြံမြို့သို့ သွားရာလမ်း (၁၁)မိုင်ခန့်အကွာတွင် တည်ရှိကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်ရင်း တစ်ပြိုင်ထဲ ဝင်ရောက်လေ့လာကြကြောင်း ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ဝင်းဆွေထံက သိရသည်။ ပုပ္ပားတောင်ကလပ်သို့ လာရောက်ကြရာတွင် ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်မှ လာရောက်ကြကာ ဥရောပမှ ပြင်သစ်နိုင်ငံသားများ အများဆုံး လာရောက်ကြပြီး ဂျာမဏီနိုင်ငံမှ ဒုတိယအများဆုံး လာရောက်ကြကြောင်း၊ အာရှနိုင်ငံများမှ ဂျပန်နိုင်ငံမှ အများဆုံးလာရောက်ကြပြီး တောင်ကိုရီးယားနိုင်ငံမှ ဒုတိယအများဆုံး လာရောက်ကြကြောင်း သိရသည်။


အချို့ ဥရောပခရီးသွားများသည် တောင်ကလပ်သို့ မဝင်ဘဲ ပုပ္ပားတောင်မကြီးပေါ်သို့ တက်ရောက်လေ့လာကြပြီး ထိုတောင်မကြီးပေါ် တက်ရောက်သည့် စာရင်း မကောက်ယူကြောင်းလည်း သိရသည်။ နွေရာသီကျောင်းပိတ်ရက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမပြီးခင်မှာပင် ပုပ္ပားတောင်ကလပ်သို့ ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်လာမှု များပြားနေရာ နိုင်ငံခြားသားများသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်မှ လာရောက်ကြကာ ပြည်တွင်းခရီးသွား ဘုရားဖူးများမှာ ပုပ္ပား-ပုဂံ လမ်းကြောသင့်သောကြောင့် တခါတည်း ဝင်ရောက်ဖူးမြော်ကြကြောင်း သိရသည်။ နေ့ချင်းပြန်ခရီးသွားများသာ အများဆုံးလာရောက်ပြီး ယခင်က ညအိပ်ညနေ ပြည်တွင်းခရီးသွားများ လာရောက်ကြသသော်လည်း ယခုနောက်ပိုင်း ညအိပ်ခရီးသွား နည်းပါးသွားကြောင်း သိရသည်။


နိုင်ငံခြားသားများသည် တောင်ကလပ်ဒေသ၏ မျောက်များနှင့် သဘာဝရူပ သွင်ပြင်များကို သဘောကျပြီး မျောက်များပေါများခြင်းနှင့် ဒေသထွက် ဆေးမြစ်၊ သစ်ဖု၊ သစ်ဥ ရောင်းချနေသည့် ဒေသခံများကို အလွန်စိတ်ဝင်စားကြကာ ပြည်တွင်းခရီးသွားများ အနေဖြင့် ဘုရားဖူးခြင်း၊ နတ်ဆက်ခြင်းများကို စိတ်ဝင်စားကြကြောင်း သိရသည်။


မောင်မောင်ထိန်၊ကျောက်ပန်းတောင်း