ပုသိမ် အောက်တိုဘာ ၂၁
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်သည်။
ဦးစွာ အခမ်းအနားကို (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များဖြစ်သည့် အဆိုပြိုင်ပွဲဝင်များက“မေတ္တာဖျန်းမှ လန်းဆန်းမယ်” သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၂၆)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်များ၊ အသင်းတာဝန်ခံ၊ နည်းပြ၊ အုပ်ချုပ်သူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအနေဖြင့် ရွှေ ၁၂ ခု၊ ငွေ ၁၁ ခု၊ ကြေး ၁၄ ခု စုစုပေါင်း ၃၇ ခု ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရရှိမှုစာရင်းတွင် တတိယနေရာရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


