ရွှေဘို ၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုစက်မှုဇုန် စက်ရောင်ရှိန်လမ်းတွင် စက်တင်ဘာ ၅ ရက်ည ပါဝါလိုင်း (၄၄၀ ဗို့အား) ရှိ ကြေးကြိုး နံပါတ်(၄) အရွယ်အစား အရှည် ပေ (၁၀ဝ) ခန့် လမ်းမီးကြိုးအပါအဝင် ကြေးကြိုး ( ၅) ချောင်း စုစုပေါင်း ကြေးကြိုး ပေ (၅၀ဝ) ခန့် ငွေကျပ် တန်ဖိုး ၃၄၀ဝ၀ဝ ခန့်ရှိသော ကြေးကြိုးများ ခိုးယူခံရကြောင်း ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးငွေစိုး ထံမှသိရသည်။
ကြေးကြိုးခိုးယူခံရမှုနှင့် ပတ်သက်၍ " လွန်ခဲ့သော ၈ လခန့်က နံနက် ၃ နာရီခွဲမှ ၄ နာရီအတွင်း ယခုကဲ့သို့ ကြေးကြိုးခိုးယူမှု ဖြစ်ပွားခဲ့ရာ ကြေးကြိုး (၁) ချောင်းပြတ်ပြီး လျှပ်စစ်လျှော့ဖြစ်ကာ မီးများပြတ်တောက်သွားခဲ့ကြောင်း၊ လမ်းအတွင်းရှိ လူများနိုးလာ၍ ကြေးကြိုး ခိုးယူရန်ကြိုးစားသူမှာ ထွက်ပြေးသွားခဲ့ပြီး ကြေးကြိုးများ ခိုးယူမခံခဲ့ရကြောင်းနှင့် နယ်မြေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ ညစဉ်ညတိုင်း စက်မှုဇုန်အတွင်း လှည့်ကင်းဆောင်ရွက်နေသည့်ကြားမှ ယခုလို ထပ်မံကြေးကြိုးများခိုးယူခံရကြောင်း ရွှေဘိုစက်မှုဇုန်ရှိ ကားဘော်ဒီလုပ်ငန်း လုပ်ကိုင်သူ ကိုမင်းမင်းဦးက ပြောသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရွှေဘိုမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးငွေစိုး ကပြောကြားသည်။
မိုးသောက် (ရွှေဘို)


