ရွှေဘို ၁၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ပြည်သူ့ဆေးရုံ ချမ်းမြေ့လေးထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၈ နာရီက အဆိုပါ အဆောက်အဦသစ်ရှေ့တွင် ကျင်းပခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များက ပြည်သူ့ဆေးရုံ ချမ်းမြေ့ လေးထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ချမ်းမြေ့လေးထပ်ဆောင်သစ် ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးခဲ့ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ပြည်သူ့ဆေးရုံ ချမ်းမြေ့လေးထပ် ဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး အလှူရှင် ဦးကျော်ဇေယျက ပြည်သူ့ဆေးရုံ ချမ်းမြေ့လေးထပ်ဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ချမ်းမြေ့လေးထပ်ဆောင် အလှူရှင် ဦးကျော်ဇေယျက ချမ်းမြေ့လေးထပ်ဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ချမ်းမြေ့လေးထပ်ဆောင် အလှူရှင် ဦးကျော်ဇေယျနှင့်ဇနီးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေဘိုပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေသော လူနာများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ချမ်းမြေ့လေးထပ်ဆောင်သစ်သည် အလျား ၇၁ ပေ၊ အနံ ၃၅ ပေ၊ အမြင့် ပေ ၅၀ ရှိသော အာရ်စီ အဆောက်အဦ အမျိုးအစားဖြစ်ကာ မန္တလေးမြို့ ဦးအောင်မောင်း+ဒေါ်သန်းသန်း(ချမ်းမြေ့ပွဲရုံ) မိသားစုနှင့် ဦးကျော်ဇေယျ+ဒေါ်မြင့်မြင့်ခိုင် (ခိုင်ချမ်းမြေ့စတိုး) မိသားစုတို့မှ ငွေကျပ် (၁၈၅၀)သိန်းနှင့် နိုင်ငံတော်မှ ခွင့်ပြုငွေကျပ် သိန်း ၃၅၀ စုစုပေါင်း ငွေကျပ် သိန်း ၂၂၀ဝ အကုန်အကျခံကာ တည်ဆောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


