ရွှေဘို ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ အောက်တိုဘာ ၃၁ ရက် ညပိုင်းက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ လုယက်သူများကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီခွဲက ရွှေဘိုမြို့နေ ဇော်မင်းသက် မောင်းနှင်ပြီး မထူးထူးမွန် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ ခရစ်ယာန် ဘုရားကျောင်းအနီး အရောက်တွင် နောက်မှဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ မထူးထူးမွန် ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးခဲ့၍ အော်ဟစ် အကူအညီတောင်းရာ လက်ဝဲသုန္ဒရ လမ်းအကွေ့တွင် ၎င်းတို့ စီးနင်းခဲ့သည့် ဆိုင်ကယ်မှာ တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်ကို ထားခဲ့ကာ ထွက်ပြေးခဲ့သည်။
လုယက်မှု ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးအတွက် ရွှေဘိုမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုက်လံရှာဖွေစဉ် လုယက်သူနှစ်ဦးဖြစ်သည့် ရွှေဘိုမြို့နယ်၊ အိုးဘိုကျေးရွာနေ ချစ်ချစ်(ခ)ဖိုးချစ်(၂၈ နှစ်)နှင့် ဇော်မိုးထက်သာ(ခ)တရုတ်ကြီး (၁၈ နှစ်)တို့ နှစ်ဦးကို ည ၉ နာရီတွင် အမှတ်(၄)ရပ်ကွက်၌ ငွေစက္ကူရောရာ ၂၀၀၃၀၀ ကျပ်နှင့် လည်းကောင်း၊ တစ်ဖွဲ့တည်းဖြစ်သည့် ဝေယံ(ခ)ကျော်စွာ(၂၂ နှစ်)၊ နေထက်လင်း(၂၃ နှစ်)၊ ဇော်သဲမောင်(ခ)ပါကျဲ(၁၈ နှစ်)၊ ကျော်ဇေယျ(၂၅ နှစ်) တို့ကို ငွေစက္ကူရောရာ ၆၀၇၀၀ ကျပ်နှင့်အတူ ဟန်းဆက်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်သုံးစီးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်မှု ကျူးလွန်သူခြောက်ဦးအား ရွှေဘိုမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


