၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၂)
၂၂ ဧပြီ
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဘယ်တော့ကျင်းပမှာလဲ သိချင်နေကြသည်။ ၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည်ကို သိနေကြသော်လည်း ဘယ်ရက်မှာ ကျင်းပမည်။ ဘယ်ရက်မှာ အသိပေးကြေညာလိမ့်မည်ကို သိလိုကြသဖြင့် မေးမြန်းနေကြခြင်းဖြစ်သည်။ ယခင်ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများ ဘယ်နေ့ကျင်းပခဲ့သလဲ။ ဘယ်လိုကြေညာပေးခဲ့သလဲ။ အနှစ်ချုပ်၍ မျှဝေပါရစေ။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၁-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၈၅ / ၂၀၁၀ ၊ ၈၆/ ၂၀၁၀၊ ၈၇/ ၂၀၁၀ နှင့် ၈၈ / ၂၀၁၀ တို့ဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၆၆၀ နေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့ကို ကြေညာပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၃-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၈၉/ ၂၀၁၀ ဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ ၂ လ နှင့် ၂၄ ရက် အလိုတွင် ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၃-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၉၀/ ၂၀၁၀ ဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်နှင့် နောက်ဆုံးတင်သွင်း နိုင်သည့်နေ့ရက် (၁၆-၈-၂၀၁၀ မှ ၃၀-၈-၂၀၁၀ ထိ)၊ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက် ( ၆-၉-၂၀၁၀ မှ ၁၀-၉-၂၀၁၀ထိ)၊ ကိုယ်စားလှယ်လောင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုလျှင် ရုပ်သိမ်း လိုသည့် နောက်ဆုံးနေ့ရက် (၃-၉-၂၀၁၀) တို့ကို ကြေညာပေးခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁-၇-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ၂၂/၂၀၁၅၊ ၂၃/၂၀၁၅၊ ၂၄/၂၀၁၅၊ ၂၅/၂၀၁၅ တို့အရ ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာကို သတ်မှတ် ကြေညာပေးခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နေ့စွဲပါ ကြေညာချက် အမှတ် ၂၈/၂၀၁၅ အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် လွှတ်တော်အသီးသီးအတွက် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ လေးလအလိုတွင် ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့စွဲပါ ကြေညာချက် အမှတ် ၂၉/၂၀၁၅ အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်နှင့် စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် ( ၂၀-၇-၂၀၁၅ ရက်နေ့မှ ၈-၈-၂၀၁၅ ရက်နေ့အထိ)၊ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့်နောက်ဆုံးနေ့ရက် (၁၁-၈-၂၀၁၅ ရက်နေ့)၊ အမည်စာရင်းတင်သွင်းလွှာ များကို စိစစ်မည့်နေ့ရက် (၁၂-၈-၂၀၁၅ရက်နေ့မှ ၂၁-၈-၂၀၁၅ ရက်နေ့) တို့ကို ကြေညာပေးခဲ့သည်။
မြန်မာနိုင်ငံတော်တစ်ဝန်းလုံး ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စသည့် သဘာဝဘေးအန္တရာယ်များကြောင့် ကိုယ်စားလှယ် လောင်းများအမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့စွဲပါ ကြေညာချက်အမှတ် ၄၁/၂၀၁၅ အရ ပြင်ဆင်သတ်မှတ် ကြေညာပေးခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပ မည့်ရက်ကို ပြင်ဆင်သတ်မှတ်ခြင်း မရှိခဲ့ပါ။
ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမှာလဲ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များ၏ သက်တမ်းသည် ငါးနှစ်သတ်မှတ်ထားသည်။ ငါးနှစ်ကိုရေတွက်ရာ၌ ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပမည့်ရက်မှစ၍ ရေတွက်သည်။ ငါးနှစ် ပြည့်လျှင် သက်တမ်းကုန်ဆုံးသည်။ ထို့ပြင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပသည်။ ဖော်ပြပါသတ်မှတ်ချက်များအပေါ် ရှုထောင့်ပေါင်းစုံမှ စိစစ်သုံးသပ်မှုများပြုလျက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထ ွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း ယခင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည့်ကာလအတိုင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းမှာပင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက် ဘယ်တော့ကြေညာမှာလဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲတစ်ခုကျင်းပတော့မည်ဆိုလျှင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ဆောင်ရွက်ခဲ့သည့် လုပ်နည်းလုပ်ဟန်များအတိုင်း စံနမူနာထား၍ လိုက်နာ ဆောင်ရွက်ခဲ့သည်ကိုလည်း လေ့လာသိရှိရသည်။ ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုလည်း ယခင်ဆောင်ရွက်ခဲ့သည့် ထုံးနည်းများကို အမှီသဟဲပြု၍ သင့်လျော်မည့်ရက်တွင် ထုတ်ပြန် ကြေညာပေးလိမ့်ဟု မျှော်လင့်ရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်မှုများ
ရွေးကောက်ပွဲတစ်ခုကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ ချောမောအဆင်ပြေစွာ ဆန္ဒပြုမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်အတူ သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများက ဘက်စုံထောင့်စုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရသည်။ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်ဇယားရေးဆွဲသည်မှ လူဦးရေနှင့် မဲစာရင်းပြုစုခြင်း၊ မဲရုံများကြီးကြပ်ခြင်း၊ မဲရလဒ်ရေတွက်ခြင်းနှင့် ကြေညာပြီးသည်အထိ စသည် စသည် ပြုဖွယ်တွေက များလှသည်။ သူ့ကဏ္ဍနှင့်သူ တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ပြီးမြောက်နိုင်ပါမည်။
ယင်းသို့သော ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမှုအခန်း ကဏ္ဍသည် မြင့်မားပါသည်။ အရေးကြီးပါသည်။ အဓိကအခန်းကဏ္ဍတစ်ရပ်မှ တာဝန်ယူ ဆောင်ရွက်ပေးရသည်ဟုလည်း ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ပါနည်း။ ရွေးကောက်ပွဲတွင် အဓိကကျသည့် ဆန္ဒမဲလက်မှတ်များ ကိုတာဝန်ယူ၍ ရိုက်နှိပ်ပေးရသည်။ စက္ကူသား ကောင်းရန်လိုသည်။ ဆေးမင်ကောင်းရသည်။ လုံခြုံမှုရှိရသည်။ ဆန္ဒမဲလက်မှတ် ၅၀ ကိုတစ်အုပ်၊ အဖုံးနှင့်တကွ စနစ်တကျချုပ်ပေးသည်။ ကြိုတင်မဲလက်မှတ် အတွက် စာအိတ်ကြီး စာအိတ်ငယ်၊ လွှတ်တော်အလိုက် မဲပုံးများတွင် ကပ်ရသည့်စာရွက်များ ( အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်) ရိုက်နှိပ်ပေးရသည်။ လိုအပ်သည့်အရေအတွက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရသည်။
ထို့ပြင် ရေဒီယို ၊ ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများမှနေ၍ ရွေးကောက်ပွဲ အသိပညာပေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးရသည်။ တေးသီချင်းများ၊ ဇာတ်လမ်းတိုများ၊ မဲဆန္ဒရှင် အသိပညာပေးစာတမ်းများ ထုတ်လွှင့်ပေးရသည်။ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုင်ငံရေးပါတီအလိုက် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ထုတ်လွှင့်နိုင်ရန် စီစဉ်ပေးရသည်။ အခြားအသေးစိတ် လုပ်ငန်းများ ဆောင်ရွက်ရသည်လည်းရှိသည်။
ဤသို့သောအခြေအနေတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်လျက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့သည် ၁၃-၃-၂၀၂၀ ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတို့နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် ဆောင်ရွက်ရန်ရှိသည်များ၊ ကြိုတင်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ထားရှိမှုများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အားရကျေနပ်စရာအဖြစ် ရှုမြင်ရသည်။
ပြောသင့်သည့်အချိန် ပြောပါမည်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဘယ်နေ့ ကျင်းပမည်လဲ။ ဘယ်ရက်တွင် ကြေညာပေးမည်လဲဆိုသည့် မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ယခင်က ကျင်းပပေးခဲ့သည့်ရက်၊ ယခင်ကကြေညာပေးခဲ့သည့် ရက်များကို လေ့လာမှတ်သား၍ ဖော်ပြလိုက်ရခြင်းဖြစ်သည်။ ပြောသင့်သည့်အချိန်တွင် ပြောစရာရှိသည်ကိုပြောပါမည်။ ဆန္ဒစော၍လည်းမရပါ။ နောက်ကျ၍လည်း မဖြစ်ပါ။ မည်သည့်အကြောင်းကိစ္စမဆို သူ့အချိန်နှင့်သူ ချိန်ကိုက် လုပ်ဆောင် ကြရသည်။ သူ့အပိုင်းနှင့်သူ။ သူ့ကဏ္ဍနှင့်သူ၊ ပြုဖွယ်မှန်သမျှကို ပစ္စုပ္ပန်တည့်တည့်ကြည့်၍ ပြီးမြောက်အောင် လုပ်ဆောင်ကြခြင်းဖြင့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ချောမောအောင်မြင်မည် ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ထုတ်ပြန်သင့်သည့် အချိန်တွင် ထုတ်ပြန်စရာရှိသည်များကို ထုတ်ပြန်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ လုပ်ငန်းစဉ်တစ်လျှောက် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသည့် ဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစိတ်ဝင်စားသူများ၊ ပြည်သူများနှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက် ရန်ရှိသည်များကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးထားရန် လိုအပ်ကြပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ တစ်ဦးချင်း တစ်ဖွဲ့ချင်း ပြည်သူအားလုံး သာယာချမ်းမြေ့ အောင်မြင်မှုတွေ ရရှိကြစေလိုကြောင်းပါ။
* ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များကို ထုတ်ပြန်သင့်သည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးနိုင်ပါစေ၊
* နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ ဆောင်ရွက်ရန်ရှိသည်များကို ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထား နိုင်ကြပါစေ၊
* ပြည်သူအားလုံး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်အတူ ကျန်းမာ ပျော်ရွှင် သာယာချမ်းမြေ့ အောင်မြင်မှုတွေရကြပါစေ။
မောင်စာဂ


