တိုကျို ၂၆ အောက်တိုဘာ
ဂျပန်စက်မှုဝန်ကြီး အစ်ရှူ ဆူဂါဝါရာသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည်ဆိုသော အစီရင်ခံချက်များကြောင့် သောကြာနေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခင် ဒေသဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးရေးဝန်ကြီးဟောင်း ဟီရိုရှီ ကာဂျီယာမာကို ယင်းနေရာတွင် အစားထိုးခန့်အပ်ရန် ရှိသည်။
၂၀ဝ၇ ခုနှစ် ဝန်းကျင်က ခရိုင်ရွေးကောက်ပွဲတွင် ဆူဂါဝါရာသည် မဲဆန္ဒရှင်များကို ဖရဲသီး၊ ဂဏန်းနှင့် အခြား လက်ဆောင်များပေးကမ်းခဲ့သည်ဟု အပတ်စဉ် မဂ္ဂဇင်း တစ်စောင်က ရေးသားဖော်ပြခဲ့ပြီးနောက် စက်မှုဝန်ကြီး အစ်ရှူ ဆူဂါဝါရာ ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ကလည်း ရှူကန်ဘန်ရှန် ဂျပန်တိုင်းမ် က ဆူဂါဝါရာ ၏ အတွင်းရေးမှူးသည် ယခုလအစောပိုင်းက ဆူဂါဝါရာကို ထောက်ခံသည့် ကွယ်လွန်သူ၏ မိသားစုများကို ငွေကြေးပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆူဂါဝါရာက မည်သည့်ကိစ္စများ အမှန်တကယ် ဖြစ်ပျက်နေသည်ကို စုံစမ်းမည်ဟု ဒိုင်ယက် လွှတ်တော်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာနသည် ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စအများအပြားရှိကြောင်း၊ မိမိ၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အစီရင်ခံချက်များကြောင့် ဒိုင်ယက် လွှတ်တော်၏ စဉ်းစားချိန်ဆမှုများကို အနှောင့်အယှက် မဖြစ်စေလိုကြောင်း ဆူဂါဝါရာက သတင်းထောက်များကို သောကြာနေ့က ပြောကြားသည်။ ရာထူးသက်တမ်းမကုန် ဆုံးမီ နုတ်ထွက်သည့်အတွက် ဆူဂါဝါရာက တောင်းပန် စကား ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆူဂါဝါရာအား ရာထူး ခန့်အပ်မှုအတွက် ၎င်းတွင် တာဝန်ရှိကြောင်း ပြောကြားရင်း တောင်းပန်စကားဆိုခဲ့သည်။ စက်မှုနှင့် ကုန်သွယ်ရေးကဲ့သို့ အရေးကြီးသော နယ်ပယ်များ၌ မူဝါဒချမှတ်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိသင့်ကြောင်း၊ ၎င်းအနေဖြင့် ကာဂျီယာမာကို ဆူဂါဝါရာ၏နေရာတွင် အစားထိုးခန့်အပ်ဖို့ ရွေးချယ်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ဇော်လင်း


