ရန်ကုန် ဒီဇင်ဘာ ၁

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းမီဒီယာသင်တန်း အမှတ်စဉ်(၅) ၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်း သင်တန်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ဖွင့်လှစ်သည်။

ဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၂) သတင်းမီဒီယာ ဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်က မိတ်ဆက် စကားပြောကြားကာ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်း သင်တန်းမှူး ဦးစိန်တိုး(ဆန်းလင်း)က သင်တန်းပို့ချမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၈၀ ပါဝင် တက်ရောက်ကြပြီး ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ရွေးကောက်ပွဲနှင့် မီဒီယာ၊ ရွေးကောက်ပွဲဆိုင်ရာ အင်္ဂလိပ်စာ၊ ရွေးကောက်ပွဲနေ့ သတင်းရေးသားခြင်း၊ အွန်လိုင်း သတင်းရေးသားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာနှင့် ပုံနှိပ်မီဒီယာဥပဒေ၊ ရွေးကောက်ပွဲသတင်း ရေးသားခြင်း၊ ရွေးကောက်ပွဲ သတင်းအချက်အလက်များ စုစည်းရေးသားခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ စုစည်းသတင်းရေးသားခြင်း စသည့် ဘာသာရပ်များကို ဦးမြတ်စိုး(လှိုင်)၊ ဦးခင်မောင်အေး(KMA)၊ ဦးခင်မောင်ကျော်ဒင်(MPC)၊ ဦးအောင်ဇော်မျိုး (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးတင်မောင်ဦး (ကြို့ပင်ကောက်တင်မောင်ဦး)၊ ဒေါက်တာဇော်သန်း (ဆန်ကေးရှင်ဘွန်း-ဂျပန်)နှင့် ဦးရန်ကျော် ( မြန်မာ့အရေး လေ့လာသုံးသပ်သူ)တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်