ကျောင်းကုန်း  ၆  စက်တင်ဘာ 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် ယမန်နေ့ည ၈ နာရီခွဲ အချိန်က ညအချိန်ရေချိုးစဉ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကျောင်းကုန်းမြို့မရဲစခန်းတွင် ဒုရဲအုပ် မြတ်စိုး တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်ကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သစ်ဆိမ့်ကုန်းကျေးရွာနေ မရင်ရင်ထွေး၏ နေအိမ်သို့ အလည်ရောက်ရှိနေသော ညီမဝမ်းကွဲတော်သူ မခင်ငြိမ်းလွင်(၃၁)နှစ်သည်  နေအိမ်နောက်ဘက် အုတ်ကန်တွင် ရေချိုးနေစဉ်ဝါးလုံးတိုင်ကို လှမ်းကိုင်ရာ နေအိမ်မှ အုတ်ကန်သို့ သွယ်တန်းထားသော ဝါယာကြိုးအဖြူရောင်ထိပ်ပိုင်းအား ရေစိုလက်ဖြင့် ကိုင်မိရာ ဓာတ်လိုက်နေကြောင်း မရင်ရင်ထွေးက တွေ့ရှိသဖြင့် လျှပ်စစ်မိန်းခလုတ်ကို ဆွဲချ၍ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းပြီး၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစဉ် ည ၉ နာရီခွဲအချိန် သေဆုံးသွားသဖြင့်  ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကျောင်းကုန်းမြို့မရဲစခန်းက  အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)