ငါးသိုင်းချောင်း ၁၂ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ရေကြည်မြို့နယ် စာရေးဆရာများအသင်းရှိ အသင်းဝင်စာရေးဆရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်၊ စာစောင်လှူဒါန်းပွဲကို မတ် ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် စာရေးဆရာ သိန်းဇော်(ရွှေလီဦး)က စာပေရေးသားခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းနှင့် ဒေသခံ မျိုးဆက်သစ်လူငယ်များအား စာပေအပေါ် စိတ်ဝင်စားမှုကဏ္ဍ ပိုမိုမြင့်တက်လာစေရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းလေ့ကျင့် ပျိုးထောင်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 

အစည်းအဝေးပွဲအပြီးတွင် စာရေးဆရာ ကိုရွှေသိန်းအေး(ငါးသိုင်းချောင်း)က သုတ/ရသစာအုပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့ရှိ စာရေးဆရာများ/ စာပေ ဝါသနာရှင်များနှင့် (Book Club,Youth Club,Women Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

IMG_2019