သိပ္ပံစာရေးဆရာကိုကိုအောင်

 

သမိုင်းဦးလူသားတို့သည် ကျောက်ခေတ်သစ်ကတည်းက အိုးလုပ်တတ်ခဲ့ကြရာ အိုးလုပ်သည့် အတတ်ပညာမှာ ခေတ်ဦးလူသားတို့၏ ကြီးစွာသော လက်မှုဆိုင်ရာ တီထွင်အောင်မြင်မှုတစ်ရပ်ပင် ဖြစ်သည်။

 

အရှေ့တောင်အာရှဒေသများ၌ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀၀ ခန့်ကပင် အိုးအသုံးပြုတတ်ခဲ့ကြသဖြင့် ထိုအချိန်ကပင် အိုးဖုတ်လုပ်ငန်းရှိသည်ဟု ဆိုရမည်ဖြစ်သည်။ အဆင်တန်ဆာအလှအပ အခြယ်အသများပါသည့် အဆင့်အတန်း မြင့်သောအိုးများကို လွန်ခဲ့သောနှစ်ပေါင်း ၉၀၀၀ ခန့်က ပြုလုပ်တတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အိုးဖုတ်လုပ်ငန်း တိုးတက်မှုက အာရှအနောက်ပိုင်းဒေသများနှင့်စာလျှင် နှေးကွေးနောက်ကျခဲ့သည်။ သစ်ဝါး ပေါများသော မြန်မာနိုင်ငံတွင် ဝါးကျည်တောက်များ၊ ဘူးသီးခြောက်များကို ရေသယ်ရန်အတွက် သုံးစွဲခဲ့ကြသလို၊ ဝါးကျည်တောက်ကို အသုံးပြုပြီး ထမင်းချက်ခဲ့ကြသည်။ မြန်မာတို့သည် ယနေ့ထိတိုင် ကောက်ညှင်းကို ဝါးကျည်တောက်တွင် ထည့်၍ ဖုတ်ခြင်းဖြင့် ကောက်ညှင်း ကျည်တောက်ပြုလုပ်ကာ စားသုံးလျက်ရှိနေကြသည်။

 

ရှေးဟောင်းသုတေသနဌာန၏ တူးဖော်ချက်အရ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က အိုးများကို အမရပူရမြို့ တောင်သမန်အင်း၏ အနောက်ဘက်ကမ်း အောင်ခြင်းရှစ်ပါးနှင့် မဟာဂန္ဓာရုံ ကျောင်းတိုက်များအကြား ဒေသမ ှတွေ့ရှိရသည်။ အိုးများကို လူအရိုးစုများနှင့်အတူ တွေ့ရှိခဲ့ကြရခြင်း ဖြစ်သည်။ အိုးပုံစံ ၉ မျိုးခန့်ရှိပြီး အိုးထိန်းစက်ကို အသုံးပြုကာ လုပ်ထားသော အိုးများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ အနောက်အာရှဒေသများတွင် လွန်ခဲ့ သောနှစ်ပေါင်း ၅၂၅၀ ခန့်ကပင် အိုးထိန်းစက်ကို အသုံးပြုနေပြီဖြစ်ကြောင်း သိသာလှသည်။ တောင်သမန်အင်းတူးကွက်မှ တွေ့ရှိခဲ့ရသော အိုးများတွင် အဆင်တန်ဆာ အခြယ်အသအဖြစ် အချိတ်အကြောင်းနှင့် အစင်းများပါသလို လှိုင်းများပေါ်မှ ကြာပွင့်သဏ္ဌာန်ပုံလည်း ပါရှိသည်။ အိုးအောက်ပိုင်းမှာ အလုံးဖြစ်၍ ကရွတ်ပါမှထိုင်နိုင်မည့် အိုးမျိုး ဖြစ်သည်။

 

ပျူတို့ဒေသတစ်ခုဖြစ်သော ဗိဿနိုး (အေဒီ ၁ ရာစုမှ ၅ ရာစု)ကို တူးဖော်ခဲ့စဉ်ကလည်း ကျောက်အရိုး အိုးများ၊ ပစ္စည်းသိုလှောင်နိုင်သည့် အိုးကြီးများ၊ ချက်ပြုတ်ရေးအိုးများ၊ စားခွက်နှင့် ရေသောက်ခွက်များကို တွေ့ရှိခဲ့ရသည်။ အချို့အိုးများက ဘူးသီးပုံရှိပြီး ပစ္စည်းသိုလှောင်အိုးများကမူ ယနေ့ခေတ်သုံး စဉ့်အိုးပုံနှင့် တူသော်လည်း စဉ့်သုတ် ထားခြင်းမရှိပေ။ အိုးများတွင် အဆင်တန်ဆာ အခြယ်အသအဖြစ် အစင်းအကြောင်းများ၊ ကြာဖတ်ပုံများ၊ လူပုံများ၊ တိရစ္ဆာန်ပုံများ ပါရှိသည်။ ဗိဿနိုးတူးကွက်တွင် မီးဖုတ်ထားသော မြေပုတီးစေ့အရွယ် အမျိုးမျိုးကိုလည်း တွေ့ရှိခဲ့ရသည်။ မြေပုတီးစေ့အကြီးများကို ရက်ကန်းတွင် အသုံးပြုခဲ့ကြသည်ဟု ယူဆရသည်။ ကလေးကစားစရာ ခွေးရုပ်၊ ဖားရုပ် နှစ်ခု၊ ခရုခွံကဲ့သို့ပုံများအပြင် ကိန္နရာရုပ်နှင့်တူသော အရုပ်ငယ်တစ်ခုကိုလည်း တွေ့ရှိခဲ့ကြရာ ရွှံ့ကိုမီးဖုတ်ထားသော အရုပ်များဖြစ်ကြကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ ရှေးဟောင်းပစ္စည်း အထောက်အထား များအရ ဗိဿနိုးပျူတို့၏ မြေအိုးလုပ်ငန်းအဆင့်အတန်းက မနိမ့်ကျခဲ့ကြောင်း သိသာထင်ရှားလှသည်။


ပျူတို့နေထိုင်ခဲ့ရာ ဟန်လင်းဒေသ (အေဒီ ၄ ရာစုမှ ၉ ရာစု)မှလည်း ဗိဿနိုး အိုးများနှင့် အလားတူသော အိုးများ၏ အိုးခြမ်းကွဲများကို တွေ့ရှိ ခဲ့ရသည်။ အိုးခြမ်းကွဲ တစ်သောင်းငါးထောင်ခန့်ကို စုဆောင်းရရှိခဲ့သော်လည်း စဉ့်အစအနကိုမူ လုံး၀ မတွေ့ရပေ။ ပြည်မြို့မှလေးမိုင်ခန့်အကွာ မှော်ဇာတွင် ပျူတို့၏ သရေခေတ္တရာမြို့ဟောင်း (အေဒီ ၃ ရာစုမှ ၁၀ ရာစု)တည်ရှိသည်။ သရေခေတ္တရာ၌ တွေ့ရသောအိုးများသည် ဗိဿနိုးနှင့် ဟန်လင်းအိုးများထက် လက်ရာပုံစံနှင့် အဆင်အသက များစွာသာလွန် ကောင်းမွန်သည်။ အရိုးအိုးများတွင် စာများရေးထိုးထားသည်ကို တွေ့ရှိရသောကြောင့် မြေအိုးလုပ်ငန်းသည် သရေခေတ္တရာပျူတို့ခေတ်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဟု ယူဆရသည်။ တကောင်းတွင် ရှေးဟောင်းသုတေသနဌာနက တူးဖော်ရာမှ ၁၂ ရာစုပုဂံနှင့် ခေတ်ပြိုင် ပစ္စည်းများနှင့် မြေအိုးများကို တွေ့ခဲ့ရသော် လည်း စဉ့်အစအန ကိုမူ မတွေ့ရပေ။ အချို့အိုးများက ယခု အလ္လကပ္ပမှထွက်သောအိုးနှင့် ပုံသဏ္ဌာန် တူသည်။ တကောင်းခေတ် အိုးလုပ်ငန်းလည်း အဆင့်အတန်းမနိမ့်ဘဲ ကြီးကျယ်ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ သပိတ်များ၊ ပန်းအိုးများ၊ အိုးအောက် ဘက်တွင် အပေါက်ငယ်များပါသောအိုး (ယနေ့ခေတ် ကောက်ညှင်းပေါင်း သောအိုးမျိုး) များကိုလည်း တကောင်းတူးကွက်မှ တွေ့ရှိခဲ့ရသည်။

 

ရေလုံပြီးချက်ပြုတ်နိုင်ရန်အတွက် မြေအိုးကို ၅၀၀ ဒီဂရီစင်တီဂရိတ်ခန့် အပူပေး မီးဖုတ်ရန်လိုအပ်သည်။ ၁၁၅၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးသည့်တိုင် ရေစိမ့်ပြီး ဆီယိုနိုင်သေးရာ ဆီကဲ့သို့သောပစ္စည်းထည့်ရန်နှင့် လုံး၀ရေမစိမ့် စေရန်အတွက် မြေအိုးကို စဉ့်သုတ်ရန်လိုအပ်သည်။ တောင်သမန်၊ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ရှေးမြို့ဟောင်း နေရာများမှ တွေ့ရသော အိုးများနှင့် အိုးကွဲများတွင် စဉ့်အစအန လုံး၀မတွေ့ခဲ့ကြရပေ။

 

အာရှအနောက်ပိုင်း နိုင်ငံများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၉၀၀ ခန့်ကပင် စဉ့်လုပ်ငန်းကို တတ်မြောက် လုပ်ကိုင် နေခဲ့ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ၁၁ ရာစုခန့် (ပုဂံခေတ်)ကျမှ စဉ့်သုတ်လုပ်ငန်းကို လုပ်ဆောင်တတ်ခဲ့ကြသည် ဟု ယူဆရသည်။ ပုဂံခေတ်အိုးလုပ်ငန်းသည် စဉ့်သုတ်အတတ်ပညာကို ရရှိ လာသဖြင့် များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ပုဂံမှလေးမိုင်အကွာ သရိရွာရှိ အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်ဘုရား (အေဒီ ၁၁ ရာစုဦး)များတွင် ဗုဒ္ဓဖြစ်တော်စဉ် နိပါတ်တော်နှင့်ဇာတ်တော်များကို ဖော်ပြထားသည့် မြေပုံအုတ်ခွက်များကို တွေ့ရှိရသော်လည်း စဉ့်အသုံးပြုထား သည်ကိုမူ မတွေ့ရပေ။ ၁၁ ရာစုအလယ်ခန့်က တည်ထားခဲ့သည်ဟု ခန့်မှန်းရသော ငကျွဲနားတောင်း ဘုရားကိုမူ စဉ့်အုတ်များဖြင့် တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ ပုဂံမြို့ တောင်ဘက် နှစ်မိုင်အကွာ မြင်းကဘာရွာတွင် စဉ့်ဖိုများရှိသည်။ ၁၂ ရာစုကတည်သော ဘုရားများတွင်မူ အစိမ်းရောင် စဉ့်အုတ်ခွက်များကို အများအပြား အသုံးပြု ထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ် ၁၁ ရာစုအလယ်ခန့်တွင် ပုဂံပြည်၌ စဉ့်လုပ်ငန်းကို စတင်တတ်မြောက်ပြီးနောက် ထွန်းကားလာခဲ့သည်ဟု ဆိုနိုင်သည်။ စဉ့်အတတ်ပညာကို ရှမ်းများက တရုတ်ပြည်မှ ယူဆောင်လာခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။

 

၁၄ ရာစုလောက်ကတည်းက မြန်မာ့စဉ့်အိုးလုပ်ငန်းကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများကပါသိရှိပြီး ထင်ရှားခဲ့ သည်။ မုတ္တမအိုး သို့မဟုတ် ပဲခူးအိုးဟု ကျော်စောခဲ့သော စဉ့်အိုးများအကြောင်းကို အေဒီ ၁၃၅၀ ခန့်က အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော မှတ်တမ်းများတွင် တွေ့ရသည်။ ထိုစဉ့်အိုးများကို တွံတေးတွင် ထုတ်လုပ်ပြီး မုတ္တမမှ ဖြန့်ဖြူးခဲ့ရာ ထိုစဉ်က အိန္ဒိယသမုဒ္ဒရာအတွင်း၌ ကူးသန်းသွားလာနေသော သင်္ဘောများက အများအပြားဝယ်ယူကာ အိန္ဒိယနှင့် အာရေးဘီးယားနိုင်ငံများအထိ တင်ပို့ရောင်းချ ခဲ့ကြသည်။ မုတ္တမအိုး သို့မဟုတ် ပဲခူးအိုးဟု နိုင်ငံခြားသား များက အမည်ပေးထားသော စဉ့်အိုးများသည် ၁၉ ရာစုအထိ ကျော်စောထင်ရှားခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော အင်ပါယာပြပွဲကြီးတွင် မြန်မာ့စဉ့်အိုးအရွယ်အစား အမျိုးမျိုးကို တခမ်းတနား ပြသခဲ့သည်။

 

ရခိုင်ပြည်တွင် အေဒီ ၁၄၃၀ ပြည့်နှစ်က တည်ထောင်ခဲ့သော မြောက်ဦး မြို့တော်သည်လည်း စဉ့်လုပ်ငန်း ထွန်းကားရာ ဌာနတစ်ခုဖြစ်ခဲ့သည်။ မြောက် ဦးမြို့ရှိ ထူပါရမန စေတီတံတိုင်းတွင် စဉ့်အုတ်ချပ်များဖြင့် ပန်းပွင့် ဖော်ထား သည်။ ပန်းပွင့်အလယ်ဝတ်ဆံ အဝိုင်းက စိမ်းပြာရောင်၊ ပွင့်ချပ်အကြီးက အဖြူရောင်နှင့် ပွင့်ချပ်ငယ်များက အဝါရောင် စဉ့်အုတ်ချပ်များ ဖြစ်ကြသည်။ ထို့ပြင် ၁၆ ရာစုကတည်ထားခဲ့သော ရတနာပုံစေတီတွင်လည်း အပြာနုရောင် စဉ့်အုတ်ချပ်များဖြင့် ကြာဖတ်ပုံ၊ ပန်းခက်ပန်းနွယ်ပုံများကို ဖော်ထားသည်။ ရှစ်သောင်းဘုရားမှ လည်းကောင်း၊ မြောက်ဦးနန်းတော်ရာမှလည်းကောင်း အစိမ်းရောင် စဉ့်အုတ်ခွက်အကျိုးအပဲ့များကို ရရှိခဲ့သည်။ ပရိမ်အရပ်ရှိစဉ့် ဖိုမှလည်း ၁၆ ရာစုကဟုခန့်မှန်းရသော အပြာနုရောင်စဉ့်အုတ်ခွက်တစ်ခု ရရှိခဲ့ဖူးသဖြင့် ရခိုင်ပြည် မြောက်ဦးခေတ်တွင် စဉ့်လုပ်ငန်းထွန်းကားခဲ့ကြောင်း သိသာသည်။ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများမှာ စေတီပုထိုးဆိုင်ရာ အဆင်တန်ဆာ စဉ့်အုတ်ခွက်နှင့် အုတ်ချပ်များသာဖြစ်ကြသဖြင့် စဉ့်လုပ်ငန်း ထွန်းကားခဲ့သည်ဆိုသော်လည်း လူသုံးပစ္စည်း စဉ့်အိုးထုတ်လုပ်မှုလုပ်ငန်း ရှိမရှိကိုမူ အတိအကျပြောရန် မလွယ်ကူပေ။

 

စစ်ကိုင်းဝန်းကျင်ဒေသတွင်လည်း ၁၇ ရာစုအလယ်လောက်က စဉ့်လုပ်ငန်းရှိခဲ့သည်။ စစ်ကိုင်း ကောင်းမှုတော် စေတီဝန်းကျင်တွင် အဖြူရောင်စဉ့် အုတ်မိုးသော အဆောက်အဦများရှိပြီး ထိုဒေသမှ အစိမ်းရောင် စဉ့်အုတ်များနှင့် စဉ့်မသုတ်သော အုတ်များကိုလည်းတွေ့ရသဖြင့် စစ်ကိုင်းသည် ထိုစဉ်က စဉ့်လုပ်ငန်းထွန်းကားရာ ဌာနတစ်ခု ဖြစ်ခဲ့မည်ဟု ခန့်မှန်းရသည်။

 

အလောင်းမင်းတရားလက်ထက် ၁၈ ရာစုအလယ်တွင် ဟံသာ၀တီမွန်တို့ဒေသမှ အိုးအလုပ်သမားများမှာ စစ်သုံ့ပန်း အဖြစ် အထက်မြန်မာနိုင်ငံသို့ ပါလာခဲ့ကြသည်။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာကို ဆက်လက် လုပ်ကိုင်နိုင်ရန် လုပ်ငန်းနှင့်သင့်လျော်သော ကုန်ကြမ်းရနိုင်သည့် ဒေသတွင် နေရာချထားပေးခဲ့သည်။ ပထမတွင် ကျောက်မြောင်းရွာမှ ၆ မိုင်ခန့်ဝေးသော မအူအရပ်ကို ရွေးချယ်ကြသော်လည်း အိုးလုပ်ငန်းအတွက် ကုန်ကြမ်းမြေ လှိုင်လှိုင်မရနိုင်သဖြင့် မြေကောင်းရာ နွယ်ခွေကုန်းတန်းအနီး၌ နွယ်ငြိမ် ရွှေဂွန်းနှင့် ရွှေတိုက်ရွာတို့တည်ကာ အခြေချခဲ့ကြသည်။ လုပ်ငန်းကို အားပေးလိုသော ဘုရင်မင်းမြတ်က လုပ်ငန်းအတွက် သင့်လျော်သောမြေကို မည်သည့် နေရာမှမဆို တူးယူခွင့်ပြုခဲ့သည်။ ရွှေနန်းတော်အောက်ကပင် ဖြစ် စေကာမူ တူးခွင့်ပြုသည်ဟု မိန့်တော်မူခဲ့ကြောင်း ရှေးလူကြီးများ အစဉ် အဆက်က ပြောခဲ့ကြသည့် ပါးစပ်ရာဇဝင်ရှိခဲ့သည်။ ဤသို့ဖြင့် ၁၈ ရာစု အလယ်မှစ၍ ရွှေဘိုကျောက်မြောင်းဒေသတွင် စဉ့်လုပ်ငန်းဗဟို ဌာနတစ်ခု ပေါ်ထွန်းလာခဲ့သည်။ ကျောက်မြောင်း နွယ်ငြိမ် စဉ့်လုပ်ငန်းသည် မွန်တို့၏ အတတ်ပညာမှ ဆင့်ကဲ ပြန့်ပွားလာခြင်းဖြစ်သည်။ ထိုဒေသသို့ ရောက်ရှိအခြေ ချသူများမှာ မုဒုံအနီး အိုးရုံကြီးနှင့် အိုးရုံကလေး ကျေးရွာများမှဖြစ်ကြသည်ဟု ဆိုကြသည်။ တွံတေးစဉ့်လုပ်ငန်းသည်လည်း အိုးရုံကြီးနှင့်အိုးရုံကလေး၏ အဆက်အနွှယ်ဟု ဆိုကြသော်လည်း တွံတေးစဉ့်အိုးများက ကျောက်မြောင်း အိုးများလောက် အရွယ်အစားမကြီးပေ။ ဆန်စပါးနှင့်ကောက်ပဲသီးနှံများ ပေါများပိုလျှံအောင် ထုတ်လုပ်လာ နိုင်သောအခါ ပိုလျှံပစ္စည်းများကို သိုလှောင်ထားရန် ပစ္စည်းများလိုအပ်လာသည်။ ထိုပြဿနာကို စဉ့်အိုးနှင့် အင်တုံများက ဖြေရှင်းပေးခဲ့ကြသည်။ ထိုခေတ်ကစဉ့်အိုးမှာ ရေလုံဆီလုံသဖြင့် အရည်သိုလှောင်ရန် အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် စဉ့်အိုး ထုတ်လုပ်သူတို့က ဆီပိဿာချိန်အလိုက် အကြီးအငယ် အရွယ်အစားအမျိုးမျိုး သတ်မှတ်ကာ ထုတ်လုပ်ခဲ့ကြသည်။ ပိဿာတစ်ရာ ဝင်ဆံ့သောအိုးကို ရာဝင်အိုးဟု ခေါ်ဝေါ်ခဲ့ကြပြီး ယေဘုယျအားဖြင့် အရွယ်အစား အကြီးဆုံးအိုးဖြစ်သည်။

 

နွယ်ငြိမ်တွင် ပိဿာ ၁၅၀ နှင့် ပိဿာ ၂၀၀ ဝင် စဉ့်အိုးကြီးများကိုလည်း ထုတ်လုပ်ခဲ့ကြသည်။ ပိဿာချိန် ငါးဆယ်ဝင်၊ အစိတ်ဝင်၊ တစ်ဆယ်ဝင်အိုး များမှာ လူသုံးများသော စဉ့်အိုးများဖြစ်ကြသည်။ စဉ့်အင်တုံများကိုမူ ဆန်၊ ပဲ၊ ပြောင်းနှင့် နှမ်းစသည် တို့ကိုထည့်ရန် အသုံးပြုရသဖြင့် တစ်တင်းဝင်၊ တစ်ခွဲဝင်၊ တစ်စိတ်ဝင်စသည်ဖြင့် သတ်မှတ်ထုတ်လုပ် ခဲ့ကြသည်။ စဉ့်အိုးလုပ်ငန်းအတွက် လိုသောကုန်ကြမ်းများမှာ ကျောက်မြေနုကြမ်း၊ ညောင်နီမြေ၊ မြေနုနှင့်ချော်တို့ ဖြစ်ကြပြီး မစိုမခြောက်ထင်းကို အသုံးပြုကာ ဖိုကြီးများဖြင့် ဖုတ်ကြရသည်။

 

မြေအိုးမြေခွက်စသော မြေထည်ပစ္စည်းများမှာ မြို့ရွာကြီးငယ်မဟူ အိမ်တိုင်းတွင် လိုအပ်သော နေ့စဉ်သုံးပစ္စည်း ဖြစ်သည်။ ထို့ကြောင့်ပင် မြေအိုးမြေထည် လုပ်တတ်ဖုတ်တတ်သော ကျောက်ခေတ်သစ်မှစ၍ မြန်မာမင်းများ လက်ထက် ခေတ်အဆက်ဆက်တွင် အိုးလုပ်ငန်းသည် မှေးမှိန်တိမ်ကောခြင်း မရှိခဲ့ပေ။ တိုးပွား လာသော လူဦးရေနှင့် လိုက်လျောညီစွာ လုပ်ငန်းများကလည်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကြေးအိုးကြေးခွက်အသုံးပြုမှုက မရှိသလောက် နည်းပါးသဖြင့်လည်း မြေအိုးလုပ်ငန်းက အရေးပါလှသော လက်မှုလုပ်ငန်းတစ်ခု ဖြစ်နေခဲ့သည်။ ၁၁ ရာစု အလယ်လောက်က စတင်ခဲ့သည်ဟု ခန့်မှန်းရသော စဉ့်လုပ်ငန်း၊ စဉ့်အိုးစဉ့်ခွက် လုပ်ငန်းသည်လည်း ၁၄ ရာစု အလယ်တွင် အိန္ဒိယသမုဒ္ဒရာတစ်လျှောက် အာရေးဘီးယားထိတိုင်အောင် ပေါက်ရောက်ကျော်စောခဲ့သည်။

 

ပုဂံနှင့်မွန်တို့ဒေသရှိ အိုးရုံရွာများ၊ တွံတေး၊ ရခိုင်ပြည်မြောက်ဦးနှင့် စစ်ကိုင်းတို့သည် စဉ့်လုပ်ငန်းထွန်းကားရာ ဗဟိုဌာနများဖြစ်ခဲ့ကြသည်။ ၁၈ရာစု အလယ်တွင် ရွှေဘိုကျောက်မြောင်းအနီး နွယ်ငြိမ် ရွှေတိုက်နှင့် ရွှေဂွန်းတို့ သည် ရာဝင်၊ ငါးဆယ်ဝင် စဉ့်အိုးကြီးများထုတ်လုပ်ရာ စခန်းသစ်တစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။ မြန်မာ့မြေအိုးမြေ ထည်လုပ်ငန်း၊ စဉ့်အိုးစဉ့်ထည်လုပ်ငန်းသည် မြန်မာမင်းများ လက်ထက်တွင်သာမက ယခုထိတိုင် ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ခေတ်မီ ဒန်အိုးဒန်ခွက်များ၊ ပလတ်စတစ်ပစ္စည်းများ၏ လွှမ်းမိုးမှုကို ကြံ့ကြံ့ခံကာ ရှင်သန်နေသော သမားရိုးကျ မြန်မာ့လက်မှုလုပ်ငန်းတစ်ခုပင် ဖြစ်ပေသည်။

 

အိုးလုပ်ငန်း၊ အိုးဖုတ်လုပ်ငန်းနှင့် အလားတူသော လက်မှုလုပ်ငန်းတစ်ခုမှာ အုတ်ဖုတ်လုပ်ငန်းဖြစ်သည်။ ရှေးဟောင်း သုတေသနဌာနက တူးဖော်တွေ့ရှိချက်အရ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းစသော ပျူမြို့ပြနိုင်ငံများခေတ် (အေဒီ ၁ ရာစုမှ ၁၀ ရာစု)က နန်းတော်၊ ကျောင်း၊ စေတီပုထိုး၊ မြို့ရိုးစသည် တို့ကို အုတ်ဖြင့်တည်ဆောက် ခဲ့ကြကြောင်း သိရှိရသည်။ ပျူတို့နေထိုင်ခဲ့ရာ ဒေသများမှ ပျူခေတ်အုတ်ချပ်ကြီးများကို မြေပေါ်မှလည်းကောင်း၊ မြေအောက် မှလည်းကောင်း အများအပြားတွေ့ရှိခဲ့ရသည်။ ပျူခေတ်အုတ်ချပ်ကြီးများသည် အရွယ်အားဖြင့် ထူးခြားကြီးမားကာ အကြမ်းဖျင်းအားဖြင့် ၁၈" ၉" ၂"ခန့် ရှိသဖြင့် အုတ်လုပ်ငန်း၏ပမာဏက မသေးငယ်ခဲ့ကြောင်း မှန်းဆနိုင်သည်။

 

ပုဂံခေတ်တွင် အုတ်လုပ်ငန်း ပိုမိုတိုးတက်ထွန်းကားခဲ့သည်ကို ယခုတိုင် ဖူးမြင် နေရသည့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် ပုဂံခေတ် စေတီပုထိုးဂူကျောင်း အဆောက်အအုံပေါင်းများစွာတို့က သက်သေခံလျက်ရှိသည်။ ထိုမျှများပြား လှသော ကျောင်း၊ ဘုရား စေတီပုထိုးများနှင့် ကျောင်းများတည်ထားရန် အုတ်ကိုထုတ်လုပ်ပေးသော အုတ်ဖုတ်လုပ်ငန်း၏ ကြီးကျယ်ခမ်းနားခဲ့ပုံကို ခန့်မှန်းနိုင်သည်။ အုတ်ဖုတ်လုပ်ငန်းနှင့် အတူ အင်္ဂတေဖော်စပ်နည်းနှင့် ဖော်စပ်လုပ်ငန်း၊ ပန်းရန်လုပ်ငန်းစသော လက်မှုလုပ်ငန်းများကလည်း အထူး ပင် ထွန်းကားခဲ့သည်။ အုတ်အဆောက်အဦကြီးများသာမက အုတ်ကို အတွင်း အပြင် ကျောက်ညှပ်၍ ဆောက်လုပ်ထားသော နန်းဘုရား၊ ကျောက်ဂူဥမင် စသည်တို့အပြင် ကျောက်သက်သက်ဖြင့် ဆောက်လုပ်သော စက္ကူတိုက်၊ သဗ္ဗညုဘုရားအနီး ခေါင်းလောင်းတိုင်စသည်တို့ကလည်း အထင်အရှား ရှိနေသည်။ ပန်းရန်လုပ်ငန်းနှင့် အတူ ပန်းတမော့လုပ်ငန်းလည်း ထွန်းကားခဲ့ကြောင်း ထင်ရှားလှသည်။

 

မြန်မာနိုင်ငံအရပ်ရပ်ရှိ ရှေးဟောင်းစေတီပုထိုးပေါင်း မြောက်မြားစွာတို့သည် ခေတ်အဆက်ဆက် မြန်မာမင်းများ လက်ထက်က သမားရိုးကျလက်မှုလုပ်ငန်း များဖြစ်ကြသော အုတ်ဖုတ်လုပ်ငန်းနှင့် ပန်းရန်လုပ်ငန်းတို့ကို ဖော်ညွှန်းနေကြသော သမိုင်းဝင်အထောက်အထားများပင် ဖြစ်ကြသည်။ ဆောက်လုပ်ထားသော အုတ်အဆောက်အအုံ များတွင် အုတ်စီပုံနည်းစနစ်ကျခြင်း၊ သံကိုင်းသံချောင်းနှင့်သံပေါင်တို့၏အားဖြင့် ကွန်ကရစ် စသည်တို့ လုံး၀မပါဘဲ သတ်စီခုံး၊ သတ်စီပေါင်းခုံးများကို သုံးထားခြင်း၊ ထုထည်နှင့် အလေးချိန်ပမာဏများ လိုက်လျောညီစွာ ကိုက်ညီ ကောင်းမွန်ခြင်းတို့ကို ထောက်ရှု၍ ရူပဗေဒပညာရပ်ဆိုင်ရာ သဘောတရားများကို ပုဂံခေတ်ကပင် တတ်မြောက် ကျွမ်းကျင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ပြင် အဆောက်အအုံ၏ အချိုးထောင့်နေရာ ခုံးများနှင့် ပေါင်းခုံးများတွင်သုံးရန် အုတ်ကိုလိုသည့် ပုံသဏ္ဌာန်အတိုင်း ထုတ်လုပ်ခဲ့ကြကြောင်းကလည်း သိသာထင်ရှားလှသည်။   ။