ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ”
“ရှေ့နေနှင့် ဒုတိယအရွယ်ပါတဲ့”
“ဘယ်လိုအဓိပ္ပါယ်နဲ့ရေးတာလဲဆရာ”
“လူတစ်ယောက်ရဲ့ ဘဝအတွက် အရေးကြီးတဲ့ ဖြတ်သန်းမှုတွေအကြောင်း သိစေချင်တဲ့စေတနာနဲ့ ရေးတာပါ”
“ဆရာ့စေတနာကို နားလည်ပါတယ်ဆရာ”
“ဒါဖြင့် ..........ဖတ်ကြည့်ကြပါစို့”
ဒုတိယအရွယ်
လူ့ဘဝဟူသည် အရွယ်ပေါ်တွင်မူတည်သည်။ ငယ်စဉ်ကာလမှစ၍ သေသည်အထိ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ သတ်မှတ်တတ်ကြသည်။ ကျွန်တော်သည် မိမိ၏ဘဝကို ပြန်လည်သုံးသပ်ရင်း စာရေးဆရာကြီး မန်းတင်၏ ဒုတိယအရွယ်-၂ စာအုပ်ကို ပြန်လည်ဖတ်ရှုမိသည်။ ဒုတိယအရွယ်-၂ စာအုပ်မှာ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလက ဘဝတက္ကသိုလ်၊ နွယ်နီစာပေမှထုတ် ဝေခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဒုတိယအရွယ်-၂ ၏ စာအုပ် သက်တမ်းမှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်သည်။
ရသအရေးအသား
စာရေးဆရာကြီးမန်းတင်သည် ဒုတိယအရွယ်-၂ စာအုပ်ကို ရသဆန်ဆန် ပေါ့ပေါ့ပါးပါး ရေးသားခဲ့ခြင်းဖြစ်သည်။ ပထမအရွယ်၊ ဒုတိယအရွယ် ပိုင်းခြားရာတွင် အသက်အရွယ်အားဖြင့် ၄၅ နှစ် (ထိုစဉ်က) ရှိပြီဖြစ်သော ဆရာကြီးမန်းတင်၏ ပြည်သူ့ဝန်ထမ်းဘဝတွင် ဒုတိယအရွယ် ဘဝခရီးကို တာဝန်သိသိ သစ္စာရှိရှိဖြင့် လျှောက်လှမ်းခဲ့ပုံကို ရေးသားမှတ်တမ်းတင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ (စာ-၆၁၈)
မာတိကာ
ဆရာကြီးမန်းတင်၏ ဒုတိယအရွယ်-၂ စာအုပ်တွင် အောက်ပါဆောင်းပါးများ ပါရှိပေသည်-
(၁) ဤစာအုပ်အကြောင်း
(၂) တို့ပြည်ထောင်စု
(၃) မုန်တိုင်းထန်ချိန်
(၄) ရှုပ်ရှုပ်ထွေးထွေးပြည်တွင်းရေး
(၅) တိုင်းရေးပြည်ရေးပေါက်နှင့်ကျေး
(၆) တောမီးလောင်ချိန်
(၇) ကရင်ရွာရောက် ဗမာတစ်ယောက်
(၈) မုန်းရာမှ လွတ်ရာသို့
(၉) အဝေးရောက် ဝန်ထမ်းများ
(၁၀) တစ်နှစ်အတွင်းငြိမ်းချမ်းရေးရရမည်
(၁၁) အယ်ဒီတာမှ နယ်ပိုင်ဝန်ထောက်
(၁၂) မတ္တရာ
(၁၃) တောင်ပြုန်းရွာ
(၁၄) တောင်ပြုန်းပွဲ
(၁၅) ရွှေတချောင်း
(၁၆) ဓားမတစ်ချောင်းနှင့် အသက်နှစ်ချောင်း
(၁၇) ရောက်ရာဒေသပျော်ပျော်နေရ
(၁၈) လယ်တွင်းကိုးခရိုင်
(၁၉) တရုတ်ပြည်သစ်သို့
(၂၀) ဆိုဗီယက်ပြည်ထောင်စု
(၂၁) ဥဇဘတ်ကစ္စတန်
(၂) လယ်လုပ်သူလယ်ပိုင်ရေး
(၂၃) နှစ်ခြမ်းကွဲချိန်
(၂၄) အိမ်စောင့်အစိုးရ
(၂၅) အရှေ့မှ အနောက်သို့
(၂၆) လေ့လာသူ
(၂၇) ပန်းမြို့တော်
(၂၈) နေရာအနှံ့ခရီးဆန့်ခြင်း
(၂၉) အမေရိကန်ပြည်ထောင်စု
(၃၀) အနောက်မှ အရှေ့သို့
(၃၁) အထွေထွေရွေးကောက်ပွဲ
(၃၂) သမိုင်းတစ်ကွေ့ မှတ်တိုင်တစ်ခုတို့ဖြစ်ပါသည်။
ဤစာအုပ်အကြောင်း
“ကျွန်တော်၏ ပထမအရွယ်နှင့် ဒုတိယအရွယ်စာအုပ်များကို ယခင်ကထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ဤ ဒုတိယ အရွယ် (၂) သည် ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့သောဒုတိယ အရွယ်၏ အဆက်ပင် ဖြစ်ပါသည်။
ပထမစာအုပ်တွင် ကျွန်တော်တက္ကသိုလ်မှထွက်၍ ပြည်သူ့ဝန်ထမ်းအဖြစ် လောကအလယ် လျှောက်လှမ်း ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများကို တင်ပြခဲ့ပါသည်။
ကျွန်တော်၏ အသက်နှစ်ဆယ်ကျော်မှ သုံးဆယ်ကျော် အရွယ်အထိ ကာလအပိုင်းအခြားအတွင်း ဘဝခရီး လမ်းကြောင်းတစ်လျှောက် တွေ့ကြုံခံစားချက်များကို ခြယ်မှုန်းခဲ့ခြင်းဖြစ်ပါသည်။
ဤစာအုပ်တွင်မူ ကျွန်တော်တို့နိုင်ငံသည် ၁၉၄၈ခုနှစ် တွင် တိုင်းတစ်ပါးသားလက်အောက်မှ လွတ်မြောက်၍ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတည်ထောင်သည်မှစပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်သည့် အချိန်အထိကာလကို ပိုင်းခြားဖော်ပြထားပါသည်။ ထိုဆယ့်လေးနှစ်ကာလ အပိုင်းအခြားအတွင်း ကျွန်တော် ဖြတ်သန်းခဲ့သည့် ခရီးတစ်လျှောက်တွင် ကြားမြင်ထိတွေ့ခဲ့သော မြင်ကွင်းများနှင့် လှုပ်ရှားခံစားခဲ့ရသည်များကို ရေးခြယ်တင်ပြထားခြင်းဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်း ဌာနအများ၊ နေရာအနှံ့တွင် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရင်း နိုင်ငံရေး လှိုင်းဂယက်တို့ကြားဝယ် တာဝန်သိသိ သစ္စာရှိရှိ ကူးခတ်လာခဲ့ရသည်များကို ရေးခြယ်တင်ပြထားပါသည်” .................... ဟု ဆရာကြီးမန်းတင်က ရေးသားခဲ့ပါသည်။
ကောက်နုတ်ချက်
ဆရာကြီး၏ ဆောင်းပါးစုစုပေါင်း (၃၂) ပုဒ်တွင် ကျွန်တော်နှစ်သက်သမျှ၊ မှတ်သားမိသမျှ ကောက်နုတ် တင်ပြရလျှင်-
မုန်တိုင်းထန်ချိန် (စာ-၁၅)၊ ရှုပ်ရှုပ်ထွေးထွေး ပြည်တွင်းရေး (စာ-၄၅)၊ တိုင်းရေးပြည်ရေး ပေါက်နှင့် ကျေး (စာ-၆၇)၊ တောမီးလောင်ချိန် (စာ-၈၃) စသည့် ဆောင်းပါးများမှာ ထိုစဉ်ကခေတ်ကာလ၏ နိုင်ငံရေး အခြေအနေကို လိမ္မာပါးနပ်စွာဖြင့် ဆရာကြီးက ရေးသားခြယ်မှုန်းထားခြင်းဖြစ်ပါသည်။ အဝေးရောက် ဝန်ထမ်းများ (စာ-၁၃၉)၊ အယ်ဒီတာမှ နယ်ပိုင်ဝန်ထောက် (စာ-၁၇၃)၊ ဓားမတစ်ချောင်းနှင့် အသက်နှစ်ချောင်း(စာ-၂၇၂)၊ ရောက်ရာဒေသပျော်ပျော်နေရ (စာ-၂၉၉)တို့မှာ ဝန်ထမ်းတစ်ဦး၏ လက်တွေ့ဘဝများကို ရုပ်ရှင်ဇာတ်ကား တစ်ကား ထိုင်ပြီးကြည့်နေရသကဲ့သို့ စာရှုသူ ခံစားရအောင် ရေးသားထားခြင်းဖြစ်ပါသည်။
ဒေသန္တရဗဟုသုတအဖြစ် မတ္တရာ (စာ-၁၈၉)၊ တောင်ပြုန်းရွာ (စာ-၂၀၅)၊ တောင်ပြုန်းပွဲ (စာ-၂၁၇)၊ ရွှေတချောင်း(စာ-၂၇၉)၊ လယ်တွင်းကိုးခရိုင် (စာ-၃၁၉) တို့တွင် ရေးသားဖော်ပြခဲ့သည်။
မီးရထားဖြင့်ခရီးသွားရင်း သူရဲဈေးဘူတာအလွန် ဖြတ်ကျော်ခဲ့သော ချောင်းကလေးသည် မတ္တရာနှင့် မန္တလေး နယ်ခြားဖြစ်ကြောင်း၊ ရေမြောင်းဘေးရှိ လမ်းတစ်ဖက်တွင် ဍရင်ကောက်ပင်များ ပေါက်ရောက်လျက်ရှိသည်။ နောက်ကျိသော မြောင်းရေတို့သည် တသွင်သွင်စီးဆင်းနေသည်....ဟု ပတ်ဝန်းကျင်ဒေသန္တရရှုခင်းကို ထင်လင်းစွာ ရေးသားဖော်ပြခဲ့လေသည်။ ။
ပြည်သူ့ဝန်ထမ်းတစ်ဦးအနေနှင့် ပြည်ပခရီးများသွားခဲ့ရပုံ အတွေ့အကြုံများကို တရုတ်ပြည်သစ်သို့ (စာ-၃၃၅)၊ ဆိုဗီယက်ပြည်ထောင်စု (စာ-၃၅၉)၊ အမေရိကန် ပြည်ထောင်စု(စာ-၅၄၇)၊ အရှေ့မှ အနောက်သို့(စာ-၄၆၁)၊ အနောက်မှ အရှေ့သို့ (စာ-၅၇၁) ဆောင်းပါးများတွင် ထိုခေတ်ထိုအချိန်က ပြည်ပနိုင်ငံများအကြောင်း ရေးသားခဲ့ပေသည်။ စာအုပ်တစ်အုပ်လုံးပါ ရသစာပေအရေးအသားများကို လက်ကမချနိုင်အောင် စွဲလမ်းဖတ်ရှုရပေသည်။
ငြိမ်းချမ်းရေးအကြောင်း
ဆရာကြီးမန်းတင်က “တစ်နှစ်အတွင်းငြိမ်းချမ်းရေး ရရမည်။ (စာ−၁၅၃) ဆောင်းပါးတွင် ထိုခေတ်က ငြိမ်းချမ်းရေး ဝန်ထမ်းမှူး ကျောင်း၌ သင်တန်းတက်ခဲ့ရပုံကို အမှတ်တရ ရေးသား မှတ်တမ်းတင်ခဲ့ပေသည်။ သင်တန်းကျောင်းတွင်သင်ပြသည့် သင်ခန်းစာများမှာ - ပြည်ထောင်စု စိတ်ဓာတ်၊ ငြိမ်းချမ်းရေးစီမံကိန်းမူ၊ စည်းရုံးရေး၊ အုပ်ချုပ်မှုရေးရာ၊ စီးပွားရေးစီမံကိန်းများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ သူပုန်သမိုင်း၊ ပြည်သူ့တာဝန်ဝတ္တရား၊ နိုင်ငံရေး ကိုယ်ကျင့်တရား၊ ဝါဒဖြန့်ချိ ဟောပြောမှုရေးရာ၊ ပြန်လည် ထူထောင်ရေး တာဝန်များနှင့် တပ်များနှင့် ပေါင်းသင်း ဆက်ဆံရေးတို့ဖြစ်ပါသည်။ ယနေ့တိုင် ခေတ်မီနေဆဲပါကလားဟု ကျွန်တော်တွေးမိပါသည်။
ပြည်သူ့ဝန်ထမ်း
ပြည်သူ့ဝန်ထမ်းဆိုတာဘာလဲ။ ဆရာကြီးမန်းတင်က ဒုတိယအရွယ်-၂ စာအုပ်အဖွင့်တွင် “ပြည်သူ့ဝန်ထမ်း လမ်းကြမ်း လမ်းနု၊ အမှုမထား၊ စေရာသွားခဲ့။ ကြမ်းလည်း မရှောင်၊ သတိဆောင်၍ မှောင်လည်းမတွန့်၊ စွန့်လို့သာတိုး၊ ကိုယ့်လူမျိုးတို့၊ ကောင်းကျိုးထွေထွေ ပြည့်စုံစေ၏။ နုလည်းမထောင်၊ မာန်ကိုရှောင်၍ စွမ်းဆောင်သမျှ အတ္တပရ ညီအောင်မျှသည့် ဘဝတာဝန် နိုင်ငံ့ဝန်နှင့် ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ်လျှောက်လှမ်း၏။ မန်းတင်၊ ၄၊ ၁၊ ၈၉"......ဟု မော်ကွန်းတင် ကဗျာရေးပြီး မှတ်တမ်းတင်ခဲ့ပေသည်။
ယနေ့လူငယ်ဝန်ထမ်းများ
ယနေ့လူငယ်ဝန်ထမ်းများသည် (ဆရာကြီးမန်းတင်၏ အသက် ၄၅နှစ်အရွယ်၊ ဒုတိယအရွယ်) က ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အတွေ့အကြုံများအဖြစ် လေ့လာနိုင်ကြပါသည်။ ခံစားနိုင်ကြပါသည်။ နမူနာယူနိုင်ကြပါသည်။ သင်ခန်းစာယူနိုင်ကြပါသည်။ အတ္တပရ ညီအောင်မျှသည့်၊ ဘဝတာဝန်၊ နိုင်ငံ့ဝန်နှင့် ကိုယ့်ဝန်ကိုယ်ထမ်းနိုင်ကြမည်လည်း ဖြစ်ပေသည်။
နိဂုံး
ရှေ့နေတစ်ဦး၊ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ကျွန်တော့်အနေနှင့် ဆရာကြီးမန်းတင်၏ ဒုတိယအရွယ် အတွေ့အကြုံများကို ပြန်လည်ဖတ်ရှုလေးစားဂါရဝပြု အပ်ပါကြောင်း။ ။


