ရေနံချောင်း ၁၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီခန့်က မင်းလင့်တောင် ကျောင်းထိုင်ဆရာတော် ဦးသုမနအား ဓားထောက်၍ ငွေလုယူမှုဖြစ်ပွားခဲ့ကြောင်း ညောင်လှနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီခန့်က မင်းလင့်တောင်ကျောင်းထိုင်ဆရာတော် ဦးသုမနသည် တစ်ပါးတည်းကျောင်းရှေ့ကွပ်ပျစ်တွင် တရားမှတ်နေစဉ် အမျိုးသားတစ်ဦး ပုဆိုးခြုံ၍ရောက်ရှိလာပြီး ဆရာတော်၏လည်ပင်းအား အရိုးအသွား ၁၀ လက်မခွဲခန့်ရှိ ဓားဖြင့်ထောက်၍ ခြိမ်းခြောက်ပြီး ညနေကပိုက်ဆံ ထုတ်ပေးဟုဆိုကာ ငွေစက္ကူမျိုးစုံ ၇၂၀၀၀၀ ကျပ်ကို လုယူသွားကြောင်း သိရသည်။
အဆိုပါ ဓားထောက်ခြိမ်းခြောက် ငွေလုယူမှုနှင့် ပတ်သက်၍ ဆရာတော်က ၎င်းအား ကျောင်းနှင့် မြို့ထဲသို့ ကြိုပို့ဆိုင်ကယ် ကယ်ရီမောင်းပေးနေသူ သစ်တပွေရပ်ကွက် ရေနံ့သာရပ်နေ ထူးမောင်ဖြစ်ကြောင်း ပြောပြသိရှိရ၍ သံသယရှိသူ ထူးမောင်အား ညောင်လှနယ်မြေရဲစခန်းမှ (ပ)၁၅၂/၂၀၁၉ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၈၂/၂၉၅ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဆူး


