မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ကိုမောင်မောင်ဦးတစ်ကိုယ်လုံး သွေးခြင်းခြင်း နီနေသည်။ ဦးမွန်ကြီး၏လက်သီးသည် နှုတ်ခမ်း များကို ကွဲစေခဲ့သည်။ နှာခေါင်းသွေးလျှံစေခဲ့သည်။ သူ၏ ဖြူလွသောအင်္ကျီမှာ သွေးစက်များ စွန်းထင် ပေကျံနေသည်။ သွေးနှင့် မိုးရေများထိတွေ့ကာ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံး ခြင်းခြင်းနီနေသည်။
သူသည် ကိုယ်ကို မတ်မတ်ရပ်နိုင်အောင် မနည်း ကြိုးစားနေရသည်။ ပြောစရာစကားတွေ တစ်ပုံ တစ်ပင်ကြီးရှိသည်။ ရင်ထဲမှာ တင်းကျပ်ပြည့်သိပ် နေသည်။
ရုတ်တရက် မီးလင်းလာကာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား မိုးပေါ်မှကျလာသလို ဘွားခနဲတွေ့ လိုက်ရခြင်းက အံ့အားသင့်သွားရစေသည်။ အနှစ် နှစ်ဆယ်ကျော်မျှ ကွဲကွာနေရသူကို မျက်ဝါး ထင်ထင် မြင်တွေ့လိုက်ရခြင်းက စိတ်ကို လှုပ်ရှား စေသည်။ ထိုကြောင့် စကားပြော၍မရနိုင်။ စကားလုံး ရွေး၍မရ။ ပြီး ဝမ်းဗိုက်ဆီမှ နာကျင်ရမှုက အသံ ကို တိမ်ဝင်နေသည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ကိုမောင်မောင်ဦး ကို နှစ်သိမ့်ကျေနပ်သောအသွင်ဖြင့် ကြည့်နေသည်။ မျက်နှာမှာ မခိုးမခန့်နှင့်၊ သရော်လှောင်ပြောင်သော အပြုံးနှင့်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်တွင် ငွေစက္ကူ တစ်ထုပ် ပွေ့ထားသည်။ ငွေစက္ကူကို တစ်ထပ်ချင်း ယူသည်။ ကိုမောင်မောင်ဦး၏ မျက်နှာဆီသို့ ပစ်ပေါက်သည်။
“ဒီမယ်လေ ကိုမောင်မောင်ဦးရဲ့၊ ရှင်လိုချင် လှပါတယ်ဆိုတဲ့ငွေတွေ၊ ရှင်မက်မောလှတဲ့ငွေတွေ၊ ရှင့်အချစ်နဲ့ လဲလိုက်တဲ့ငွေတွေ၊ ကျွန်မမှာရှိတဲ့ ငွေဟာ ရှင့်ကို ဖို့သတ်လို့တောင်ရတယ်သိရဲ့လား။ ဒီငွေပေးရတဲ့အတွက် ကျွန်မ မွဲမသွားနိုင်ဘူး။ ကျွန်မရဲ့ငွေတစ်ချပ်ဟာ ရှင့်ရဲ့သွေးတစ်စက်ပဲ။ ရှင်က ရှင့်အချစ်ကို ငွေနဲ့ရောင်းတယ်။ ကျွန်မက ရှင့်ရဲ့သွေးကို ငွေနဲ့ဝယ်ယူတယ်။ ရှင့်ကို ဒီပုံစံနဲ့ မြင်ရတာ ကျွန်မ ကျေနပ်လှပါဘိတော့ရှင်။ အားရ လှပါဘိတော့”
ထိုနောက် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ရူးသွပ် နေသူအလား အားပါးတရ ရယ်ချလိုက်သည်။
ကိုမောင်မောင်ဦးမှာ မှင်သက်မိသူအလားရှိ သည်။ အကြည့်မှာ ဝါးနေသည်။ ခေါင်းမှာ ရီဝေနေ သည်။ ဝမ်းဗိုက်ထဲက ပို၍ပို၍ အောင့်လာသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏အသံမှာ အလွန် အမင်း ဝေးလံသောနေရာမှ ပဲ့တင်သံသဖွယ် ရိုက်ဟပ်ပျံ့လွင့်လာသည်ဟု ထင်သည်။ သူ၏ ဒူးမှာ ညွတ်ခွေကျရမတတ် ဖြစ်နေသည်။ ကြိုးစား ထိန်းချုပ်ရင်းမှပင် သူသည် ဝမ်းဗိုက်ကို လက်ဖြင့် ပွေ့ရင်း ဒူးထောက်လဲကျရသည်။
ကိုကျော့မောင်ဆီမှ အမြင်တွင် ကိုမောင်မောင်ဦး မှ ငွေစက္ကူများ ပြန့်ကျဲနေသည့်အကြားမှ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား ဒူးထောက်အညံ့ခံနေရသည့်အသွင် ရှိသည်။
ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီး အား နာနာကြည်းကြည်း စိုက်ကြည့်နေသည်။
ရုတ်ရုတ်သဲသဲဖြစ်ခဲ့လေသောကြောင့် အထိတ် တလန့် ပြေးဆင်းလာဟန်တူသော မိန်းကလေး တစ်ယောက်ကို ကိုမောင်မောင်ဦး မြင်ရသည်။ မိန်း ကလေး၏မျက်နှာကို မြင်ရသည်မှာ မြင်ဖူးတွေ့ဖူး သော မျက်နှာမျိုးဖြစ်သည်။
ဤသည်ပင် နန်းကိန္နရီဖြစ်ပေလိမ့်မည် ထင်ရပါ သည်။
ကိုမောင်မောင်ဦး၏အမြင်အာရုံမှာ တစ်စထက် တစ်စ မှုန်ဝါးလာသည်။ ရှေ့မှ မြူနှင်းပိတ်ဆီးနေ သည့်နှယ်ရှိသည်။
ဆင်ဝင်အောက်မှ မီးငြိမ်းသွားသည်။ သံတံခါး ပိတ်သွားသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး ပျောက်ကွယ် သွားသည်။ ဧည့်ခန်းဆီမှအသံကိုသာ ကြားရသည်။ တယ်လီဖုန်းဆက်နေသံဖြစ်သည်။
“မရမ်းကုန်းရဲဌာနကပါလားရှင်။ ကျွန်မ ပြည်လမ်း က စကားပြောနေတာပါ။ ရေနံ့သာကပါ။ လူနှစ် ယောက် ကျွန်မအိမ်ကိုဖောက်ထွင်းဖို့ ကြိုးစားနေ တယ်။ အဲ့ဒါကို တစ်ဆိတ်လောက် တားဆီးပေး စေချင်ပါတယ်”
ကိုကျော့မောင်သည် ကိုမောင်မောင်ဦးအား ချိုင်းမှ ပွေ့ထူလိုက်သည်။
တစ်ဆို့ကြေကွဲသောအသံဖြင့် ပြောမိသည်။
“ပြန်ကြပါစို့ သူငယ်ချင်း။ ပြန်ကြပါစို့ကွာ။ ပြန်ကြ ရအောင်ပါ”
အညာဆီတွင် ဧရာဝတီသည်လည်းကောင်း၊ ပင်း နှင့် ယင်းတို့သည်လည်းကောင်း မြစ်ညာမှ မိုးမညို လျှင် ကျွမ်းကျင်တတ်စွမ်းသော အလမ္မာယ်ဆရာ၏ လက်မှမြွေနှယ် အန္တရာယ်ကင်းသည်။ မာန်ကင်း သည်။ ငြိမ်သက်အေးချမ်းသည်။ သာတောင့်သာယာ စီးဆင်းတတ်မြဲဖြစ်သည်။
မြစ်ညာမှာ မိုးရိပ်ညိုလာလျှင်ကား ...
ဧရာဝတီသည်လည်းကောင်း၊ ပင်းနှင့် ယင်းသည် လည်းကောင်း စောင်းမာန်ပြင်းသော နဂါးမင်းနှယ် မာန်ဟုန်ပြင်းစွာ၊ ရိုင်းစိုင်းကြမ်းတမ်းစွာ၊ ထိန်းမနိုင်၊ သိမ်းမရ စီးဆင်းလာတတ်မြဲဖြစ်ခဲ့သည်။
ယင်းသို့ပင်လျှင် စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ကိုမောင်မောင်ဦးတို့ ပြန်လည်ဆုံတွေ့မိကြခြင်းမှာ ဦးကောင်းမိုးနှင့် ဦးအောင်ခန့်တို့ စခဲ့သော၊ ကာလ အတန်ကြာ တည်ကြည်ငြိမ်သက်နေခဲ့သော အငြိုး အတေး၊ အမုန်းအတီး ရေအလျဉ်ကို ပြည့်မောက် ကြမ်းတမ်းစွာ စီးဆင်းစေရန်အတွက် ဘဝမြစ်ညာ ဝယ် ကြမ္မာမိုးရိပ်သန်းလာပြန်ခြင်းပေတကား။
x x x x x
အပိုင်း ခြောက်
[၁]
“လှမ်းနိုင်ဘူး တော်ကြီးရေ၊ ခြေတော်၊ ခြေ တော် ခြေတော် နာပေါ့ အကုန်၊ လဲမနော်မြေ ဂမူကုန်း၊ အသဲတော်ကြွေလုဆုံး၊ ရေကြည် စမ်းပေါက်မြေဝယ် အပန်းပျောက်စေဖွယ်၊ သောက်ပါရစေအုံး ....”
ပင်းဘုရားပွဲတော်သည် အစဉ်နုပျိုလျက်ရှိလေ သည်။ ဟောင်းနွမ်းသည်။ ရိုးအီသည်ဟူ၍ မရှိခဲ့။ ထာဝစဉ် သစ်မြဲသစ်လျက်ရှိသည်။
ပွဲတော်ကို နှစ်ပေါင်းမြောက်မြားစွာကတည်းက ဆင်ယင်မြဲဆင်ယင်ခဲ့သည်။ ကျင်းပမြဲ ကျင်းပခဲ့ သည်။ ဘုရားပွဲတော်သည် လူတကာအတွက် အစဉ် ပျော်ရွှင်ချမ်းမြေ့ဖွယ်ဖြစ်ခဲ့သည်။ မိမိ၏ အသက်အရွယ် အနေအထားအလျောက် ပျော်စရာ ရွှင်စရာတို့ ရှိနေ သည်သာဖြစ်သည်။
စင်စစ် ပင်းဘုရားပွဲတော် အစဉ် နုပျိုနေရခြင်းမှာ အသစ်အသစ်ဖြစ်လာသော လူငယ်တို့ကြောင့်လည်း ဖြစ်လေသည်။ လူငယ်တို့သည် ပင်းဘုရားပွဲတော်ကို ထာဝရ အဆင်တန်ဆာဆင်တတ်ကြသည်။ လူငယ် လူရွယ်တို့၏အသံဖြင့် ပွဲတော်သို့ လာရာလမ်းတွင် လည်းကောင်း၊ ပွဲတော်ခင်းကျင်းရာနေရာတွင် လည်း ကောင်း အုန်းအုန်းကျွက်ကျွက် ညံစီနေတတ်မြဲပင်။
ဒေါ်ရေနံ့သာခင်ခင်ကြီးအဖို့ ပင်းဘုရားပွဲတော်မှာ အိပ်မက်ဆန်နေသည်။ ပင်းဘုရားပွဲတော်သို့ မရောက်ရှိခဲ့သည်မှာလည်း ကြာမြင့်လှပြီဖြစ်သည်။ အနှစ်နှစ်ဆယ်ကျော်မျှ ရှိခဲ့ပြီ။
ရန်ကုန်တွင် ခေါင်းရှုပ်စရာ ပြဿနာများပေါ်လာ သည်။ ကိုကို၊ မမဝင်းရီစသူတို့နှင့်လည်း ဆုံချင်နေ သည်။ ရေနံချောင်းသို့ လာခဲ့သည်။ သည်တွင် ပင်း ဘုရားပွဲတော်ရက်နှင့် တိုက်ဆိုင်နေသည်။ စိတ်ပြေ လက်ပျောက်ဆိုသလို ပွဲတော်သို့သွားရန် အကြံရ သည်။ သို့ဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီး ပင်းဘုရား ပွဲတော်သို့ ရောက်ရှိနေရလေသည်။
တွေ့ရမြင်ရ၊ ကြုံရဆုံရသည်များမှာ သူ့အတွက် အိပ်မက်နှယ် ဖြစ်သည်။ တွေ့ဖူး မြင်ဖူး၊ ကြုံဖူး ဆုံဖူးခဲ့သည်များသည် သူ၏စိတ်အသိ၌ အရိပ် နှယ်လျှင် ပြန်လည်ပေါ်ပေါက်လာရသည်။ ရှေးက ဖြစ်ဟောင်းတို့ကို ပြန်ပြောင်းအောက်မေ့ဖွယ် ဖြစ် လာသည်။
သူ့အဖို့ အထူးတလည် သတိရဖွယ်ကောင်းနေ သည်မှာ မလုံးတင်နှင့် မလုံးရှင်တို့ ဖြစ်ကြသည်။ သည်စဉ်က မလုံးတင်၏ဆတ်ဆော့မှုကြောင့် မိမိ မှာ လူတကာ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ ရွှေမင်း သမီးကလေးဟု အမည်သတင်း ကျော်စောခဲ့ရပုံကို အမှတ်ရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အသက်အရွယ်သည် လည်း ထောက်လာခဲ့ပြီ။ အဖြစ်တို့သည်လည်း ဟောင်းနွမ်းခဲ့ချေပြီ။ သို့စင်လျက် ပင်းဘုရားပွဲတော် သည်ကား အသစ်ဖြစ်လာသောသူ၊ ထိုသူတို့အတွက် အသစ်ဖြစ်သော ဇာတ်လမ်းကလေးများဖြင့် နုပျို နေဆဲပင်။ စိုပြည်သိုက်မြိုက်နေဆဲပင်။
နန်းကိန္နရီကိုကြည့်လျှင်ပင် သည်သရုပ်သကန် ၏သဘောကို စောကြော နားလည်နိုင်သည်။ နန်းကိန္နရီ၏အမြင်တွင် ပင်းဘုရားပွဲတော်မှာ ချမ်းမြေ့ဖွယ်ဖြစ်နေသည်။ ကြည်နူးနှစ်သိမ့်ဖွယ် ဖြစ်နေသည်။ အရာရာသည် သူ့အတွက် သစ်ဆန်း နေသည်။
မိုးမလင်းမီ၊ ကျီးမနိုးမီကတည်းက ပွဲတော်သို့ သွားရန် ပြင်ရဆင်ရသည်။ မိမိတို့ချည်းသာမဟုတ်၊ ယင်းအချိန်တွင် တစ်မြို့လုံး လှုပ်လှုပ်ရွရွဖြစ်နေ ကြောင်း တွေ့ရသည်။ အိမ်မှ ထွက်လေပြီဆိုပြန် တော့လည်း မိမိတို့ကဲ့သို့ ဘုရားပွဲတော်သွား ဖော်သွားဖက်များကို မြင်ရသည်။ လမ်းတွင် ခြေကျင်သွားသူများ၊ လှည်းများ၊ မော်တော်ကားများ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသည်။ ရေနံချောင်းတစ်မြို့လုံးမှာ လှုပ်လှုပ်ရွရွနှင့် အုန်းအုန်းကျွက်ကျွက်နှင့်။
နန်းကိန္နရီတို့သည် တွင်းကုန်းဘက်မှလာခဲ့ကြ သည်။ ကျောက်မဆင်လမ်းခွဲမှသည် ပင်းဘုရား အထိဖြစ်သော မော်တော်ကားလမ်းကို အသုံးပြု သည်။ လမ်းမှာ ခလောက်ဆန်သည့်နှယ် ကြမ်းတမ်း သည်။ ယင်းလမ်းအတိုင်း ခြေကျင်လာကြသူများကို တွေ့ရသည်။ အားလုံးပင် သီချင်းတကြော်ကြော် နှင့် ရွှင်ရွှင်ပျပျရှိကြသည်။
ဘုရားသို့ရောက်ကြသောအခါ အိုးစည်၊ ဒိုးပတ် သံများကြားရသည်။ ဆိုင်းသံ ဗုံသံ ကြားရသည်။ သည်တော့လည်း နန်းကိန္နရီကိုယ်တိုင်ပင် သီချင်း ဆိုချင်သလိုလို၊ ကချင် ခုန်ချင်သလိုလို ရှိလာမိ သည်။
သည်အချိန်တွင် အငြိမ့်စင်ကို အလွမ်းမိလေသား။
စင်စစ်တွင်လည်း နန်းကိန္နရီသည် ယနေ့တွင်မှ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ခြင်းဖြစ်သည်။ ကျန်ရက်များအတွင်းကမူ စိတ်မှာ ရှုပ်ထွေးနောက်ကျိ နေရသည်။
အဖြစ်အပျက်တို့သည် သူ၏မျက်စိရှေ့မှောက် မှာပင် လျင်မြန်စွာ ဖြစ်ပျက်ခဲ့ကြသည်။ မယုံကြည် နိုင်လောက်အောင်ဆန်းကြယ်သော အဖြစ်အပျက် တို့ ဖြစ်ပျက်ခဲ့သည်။ ယင်းအဖြစ်အပျက်များကို အပြည့်အစုံ နားလည်နိုင်စွမ်းတော့မရှိ။ တစ်စွန်း တစ်စဆိုသလို ကြားရ၊ သိရ၊ မြင်ရခြင်း ဖြစ်သည်။
အကယ်၍ ပြည့်ပြည့်စုံစုံ တိတိကျကျသိရှိရပါ လျှင် ရင်မှာ သည်မျှအထိ စနောင့်စနင်းဖြစ်ရမည် မထင်။ တစ်စွန်းတစ်စ သိရခြင်းသာဖြစ်၍ ပိုမို ရင်မောရသည်။ အဖြစ်အပျက်တို့မှာ မိမိနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိစေကာမူ သွယ်ဝိုက်တိုက်ဆိုင် သည်ဟူ၍တော့ နန်းကိန္နရီသိသည်။ ပြဿနာများ အကြားတွင် ကိုငှက်ရိုးပါလာရလေပြီဆိုကတည်းက တစ်ကြောင်းမဟုတ်တစ်ကြောင်း သက်ဆိုင်နေရပြီ ဟု နားလည်သည်။
ဆက်လက်ဖော်ပြပါမည်။


