ရေတာရှည် ၁၆ မတ်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ နှင့် ကရင်ပြည်နယ်ကိုဆက်သွယ်ထားသည့် ရေတာရှည်- ကရင်ချောင်း-လိပ်သို စစ်တောင်းမြစ်ကူးတံတားသစ်တစ်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူ၍ ကျွဲရိုင်းပြင်ကျေးရွာ အနီး တွင် တည်ဆောက်လျက်ရာ မတ် ၁၆ ရက်နေ့အထိ နောက်ဆုံးတံတားရေလည်တိုင် p5 ကို ဘိုးပိုင် စိုက်ထူခြင်းလုပ်ငန်းများ စတင်နေသည်ကို တွေ့ရှိခဲ့ရသည်။
“မြစ်အတွင်း ရေလည်မှာ တိုင် ၄ တိုင်စိုက်တာ အခုလုပ်ငန်းစတင်နေတဲ့ p5 ကနောက်ဆုံးတိုင်ပဲ ကျန်တာတိုင်တွေကတော့ ကုန်းပေါ်မှာပါတယ် ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၃၅၀ ရရင် မိုးမကျခင် တံတားအောက်ထည်ပိုင်းတွေအားလုံးပြီးစီး သွားမယ် ဒါအပြင် အပေါ်က တံတားအခန်းတစ်ခန်းကို သံဘောင်ယက်မကြီးတွေတင်ပြီးသားဖြစ်သွား မယ်” ဟု တာဝန်ခံ ဦးစီးအရာရှိ ဦးလှိုင်ဖြိုးဝင်းက ပြောကြားသည်။
အဆိုပါတံတားသစ်ကြီးသည် သံကူကွန် ကရစ်အမျိုးအစားဖြစ်ပြီး အရှည် ပေ ၈၀ဝ ရှိကာ အကျယ် ၂၄ ပေ၊ တံတားတစ်ဘက်တစ်ချက် လူသွား လမ်းအကျယ် ၃ ပေစီပါဝင်မည်ဖြစ်၍ တံတားအတွက်ကုန်ကျငွေ ကျပ် ၃၄၄၀ သန်းဖြစ်သည်။
အဆိုပါတံတားသစ်ကြီးပြီးစီးသွားပါက ကရင်ပြည်နယ် သံတောင်မြို့နယ်၊ လိပ်သိုမြို့နယ်များအတွင်းရှိ ဒေသခံများအနေဖြင့် ရေတာရှည်မြို့ သို့အချိန်တိုအတွင်းသွားလာနိုင်ကြမည်ဖြစ်ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် များစွာဖွံ့ဖြိုးတိုးတက်လာကြမည် ဖြစ်သည်။
ကိုလွင်(ဆွာ)


