ရန်ကုန် နိုဝင်ဘာ ၃

 

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ဆောင်သောအားဖြင့် တန်ဆောင်မုန်းလပြည့် အခါသမယ နေ့ထူးနေ့မြတ်၌ မသိုးရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ရေးအတွက် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကြသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ် မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့်အောင်မြေ၌ ကျင်းပသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် သန္တာရတနာစင်တော်၊ ဥဿဖယားရတနာစင်တော်၊ စိန်ရတနာစင်တော်၊ ရွှေရတနာစင်တော်၊ နီလာရတနာစင်တော်၊ မြရတနာစင်တော်၊ ပုလဲရတနာစင်တော်၊ ကျောက်စိမ်းရတနာစင်တော်၊ ပတ္တမြားရတနာစင်တော် စုစုပေါင်း ရက်ကန်းစင်တော် ကိုးစင်၊ ရက်ကန်းခတ် ကျွမ်းကျင်သူအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု ငွေကျပ် သိန်း ၄၀၊ ဒုတိယဆု ငွေကျပ် ၃၅ သိန်း၊ တတိယဆု ငွေကျပ်သိန်း ၃၀၊ စတုတ္ထဆုငွေကျပ် ၂၅ သိန်း၊ နှစ်သိမ့်ဆု ငွေကျပ် ၁၅ သိန်းစီနှင့် ဂုဏ်ပြုဆုဖလား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော်၏ (၄၁)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပြိုင်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ဗိုလ်တထောင်စေတီတော်ရင်ပြင်တော်ပေါ်ရှိ တိုးချဲ့ဓမ္မာရုံရင်ပြင်၌ ကျင်းပသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ (၄၁)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်ခတ်ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၂၄ စင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊ တတိယဆုငွေကျပ် ရှစ်သိန်းနှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ်လေးသိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ယနေ့ညနေပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

 

ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ခုနစ်စင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ရှစ်သိန်း၊ တတိယဆု ငွေကျပ် ခြောက်သိန်း၊ နှစ်သိမ့်ဆု ငွေကျပ် ငါးသိန်း၊ ဆုဖလားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွား မည်ဖြစ်သည်။

 

အဆိုပါ စေတီတော်များ၌ ပြိုင်ပွဲဝင်များ ရက်လုပ်သည့် မသိုးရွှေကြာသင်္ကန်းတော်များကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော်ပရိဝုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းလတ်(MNA)