ရန်ကုန် ၁၁ မတ် 

ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြိ်ု့ ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ရွှေတိဂုံစေတီတော်  ဂေါပကအဖွဲ့နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂုဏေသနထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ အလှည့်ကျသဘောပတိ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဝင်းနိုင်က ဗုဒ္ဓပူဇာ မင်္ဂလာအဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိ်ုသံဃာ့ဝန်ဆောင်  ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကင်းမြို့နယ် ပဉ္စနိကာယ သာသနာ့ဗိမာန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေ ဇောဘာသနှင့် ဂေါပကအဖွဲ့ဝင်များက ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များအား ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒေသနာတော်များကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ မဏ္ဍပ်အတွင်းရှိ ဧည့်ပရိသတ်များ၊ အာရုံခံမုခ်ဦးလေးခုတွင် နေရာယူထားကြသော ဧည့်ပရိသတ်များက ရွတ်ဖတ်ပူဇော်ကြသည်။

(သတင်းစဉ်)