ရန်ကုန် ၁၄ မတ်
ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဗဟို ကော်မတီတစ်ရပ်နှင့် ဆပ်ကော်မတီခုနစ်ရပ်ဖွဲ့ပြီး ဧပြီလကုန်တွင် အပြီးဆောင် ရွက်နိုင်ရန် စီစဉ်နေကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဝင်းနိုင်က ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအားရွှေစင် ရွှေပြားသင်္ကန်း တော်ဆက်ကပ် လှူဒါန်းခြင်း၊ ဘုရားဖူးများ ဝတ်စားဆင်ယင်မှုနှင့် စည်းကမ်းထိန်းသိမ်း ခြင်းနှင့်ပတ်သက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စာနယ်ဇင်းရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ထို့ပြင် ရွှေတိဂုံစေတီတော်သည် ပြည်တွင်း၊ ပြည်ပဘုရား ဖူးပြည်သူများ လာရောက်ဖူးမြော်ရာ ဖြစ်သည့်အတွက် အဂါရဝ ဖြစ်စေမည့် ဝတ်စားဆင်ယင်မှုများ မဝတ်ဆင်နိုင်စေရန် စေတီတော်ဝန်ထမ်းများကလည်း ထိန်းသိမ်းကူညီဆောင်ရွက် နေကြောင်း ၎င်းက ပြောသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ရွှေတိဂုံစေတီတော်ကြီးမှာ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့၏ ညွှန်ကြားချက်များနှင့်အညီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဂေါပကစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေမှု၊ စေတီတော်သို့ လာရောက်ဖူးမြော်သည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ ဝတ်စားဆင်ယင်မှုနှင့် စည်းကမ်းထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်စာနယ်ဇင်းများ၏ သိရှိလိုသည့် မေးမြန်းချက်များကိုရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
(သတင်းစဉ်)


