ရန်ကုန် ၁၀ မတ်
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်အောက်ပစ္စယံရှိ ရွှေပြားကြိတ်စက်ရုံ အဆောက်အဦအတွင်း၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက အဆိုပါ ရွှေပြားကြိတ်စက်ရုံ အဆောက်အဦအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ပဝရဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များက အန္တရာယ် ကင်းပရိတ်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး အရပ်ရှစ်မျက်နှာ၌ လကျာ်ရစ်ပတ်ကာ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများ ပက်ဖျန်းချည်နှောင်ပေးသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဇနီးနှင့် ဝန်ထမ်းမိသားစုများမှ လှူဒါန်းသည့် ရွှေပြားကြိတ်စက် ၁လုံး၊ အဝင်မုခ်ဦးတိုင် မှန်စီရွှေချ ရှုမျှော်ရပ်အတွက် လှူဒါန်းခြင်း၊ လည်ပတ်ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်နှင့် စကျင်ကျောက်ပြား အခင်းလှူဒါန်းခြင်း၊ ထီး၊ ကနုတ်ပြုလုပ်ခနှင့် စတီးလ် ထိုင်ခုံများ လှူဒါန်းခြင်းနှင့် စိန်ရွှေထိပ်တန်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဝင်းမိသားစုမှ ရွှေပြား ကြိတ်စက်ရုံ အဆောက်အသီးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းတို့အတွက် ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဝင်းနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယင်းနောက် ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြပြီး အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက် ဆရာတော် သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးခင်မောင်ချို နှင့် တက်ရောက်လာသူများက ရွှေပြားကြိတ်စက်ရုံအဆောက်အဦ အတွင်း လှည့်လည် ကြည့်ရှုကြသည်။
ရွှေတိဂုံစေတီတော်တွင် ယခင်က ကပ်လှူပူဇော်ခဲ့သည့် ရွှေစင်ရွှေပြားသင်္ကန်း တော်များသည် သမားရိုးကျ လက်ရိုက်ရွှေချနည်းစနစ်များဖြင့် ပြုလုပ်ခဲ့ရာမှ ယခုအခါ ရာသီဥတုဒဏ်ခံနိုင်ပြီး တင့်တယ်သပ္ပာယ်၍ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ရွှေစင် ရွှေပြားတို့ဖြင့် ကပ်လှူပူဇော်နိုင်ရေးကိုမျှော်မှန်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အကြံပြုချက်အရ စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းရေးဆွဲဆန်းသစ်တီထွင်၍ ရွှေပြားကြိတ်စက်ရုံနှင့် တစ်ပေပတ်လည်ရှိသော ရွှေသားစစ်စစ် ရွှေစင်ရွှေပြားများ ထုတ်လုပ်နိုင်မည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ ရွှေပြားကြိတ်စက်(၆)လုံးကို တပ်ဆင်ခဲ့ပြီး ဖြစ်သည်။
ရွှေပြားကြိတ်စက်များအပါအဝင် ရွှေပြားကြိတ်စက်ရုံကို ၂၀၁၈ ခုနှစ် သြဂုတ် (၂၆)ရက်နေ့တွင် ပန္နက်တင်ရတနာ အုတ်မြစ်ချခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး (၄)လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဂေါပကရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်တို့က အသီးသီး ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသညျ်။
(သတင်းစဉ်)


